ဂျပန်စီတန်းလှည့်လည်ပွဲ New York မှာ ရေပန်းစား

တတိယအကြိမ် Japan Parade စီတန်းလှည့်လည်ပွဲကို New York မြို့မှာ ကျင်းပခဲ့ပြီး ဂျပန်ရိုးရာပွဲတော်အကနဲ့ ဗုံတီးဖျော်ဖြေမှုတွေ ပါဝင်ခဲ့ပါတယ်။

ဂျပန်ယဉ်ကျေးမှုကို မိတ်ဆက်ပေးပြီး ဂျပန်နဲ့ New York မြို့တို့ကြား ချစ်ကြည်ရင်းနှီးမှုကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ်ကျင်းပတဲ့ အဲဒီ စီတန်းလှည့်လည်ပွဲမှာ စနေနေ့က ဂျပန်နဲ့ ဒေသခံအဖွဲ့ ၁၀၀ လောက် ပါဝင်ဆင်နွဲခဲ့ပါတယ်။

New York မြို့မှာရှိတဲ့ ဂျပန်ကောင်စစ်ဝန်ရုံးနဲ့ တခြားအဖွဲ့အစည်းတွေက စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။

Manhattan က ပင်မလမ်းကို ဖြတ်လျှောက်ပြီး စီတန်းလှည့်လည်လာသူတွေထဲမှာ လူကြိုက်များတဲ့ manga/anime စီးရီး "Demon Slayer: Kimetsu no Yaiba" ကို ကပြဖျော်ဖြေတဲ့ ပြဇာတ်က သရုပ်ဆောင်တွေကိုလည်း ‌ပါဝင်ပါတယ်။

ဘီးတပ်ကုလားထိုင်တင်းနစ်အကျော်အမော် Kunieda Shingo ဟာ စီတန်းလှည့်လည်ပွဲရဲ့ Grand Marshal အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ Grand Slam လို့ လူသိများတဲ့ ထိပ်တန်းတင်းနစ်ပြိုင်ပွဲကြီး ၄ခုစလုံးနဲ့ ပါရာလင်းပစ်ပွဲမှာလည်း သူဟာ ရွှေတံဆိပ်ဆွတ်ခူးထားသူ ဖြစ်ပါတယ်။

New York နဲ့ ဂျပန်က လူအများအပြား သူ့ကို ဝိုင်းပြီး ကြိုဆိုခဲ့တဲ့အတွက် ပျော်ရွှင်မိကြောင်း မစ္စတာ Kunieda က ပြောပါတယ်။

စီတန်းလှည့်လည်ပွဲအတွက် ပရိသတ်တွေက လမ်းတစ်လျှောက်မှာ တန်းစီစောင့်ဆိုင်းနေခဲ့ကြပါတယ်။ ပွဲနေပွဲထိုင်သုံး ချည်သားကီမိုနိုကို ၀တ်ဆင်ထားတဲ့ မိန်းကလေးတစ်ဦးက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းပြီး အတိတ်ကာလကို ပြန်ရောက်သွားသလို ခံစားမိတယ်လို့ ဆိုပါတယ်။

ကောင်စစ်ဝန်ချုပ် Mori Mikio က အဲဒီ စီတန်းလှည့်လည်ပွဲက ပရိသတ်တွေပိုပြီး ဆွဲဆောင်လာနိုင်ပြီး၊ အမေရိကန်ပြည်သူတွေ ပိုမိုတန်ဖိုးထားတဲ့ အဆင့်အထိ ကြီးထွားတိုးတက်လာခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီ စီတန်းလှည့်လည်ပွဲကို အနာဂတ်မှာ ရေရှည်တည်တံ့စေဖို့ အစွမ်းကုန် လုပ်ဆောင်သွားမှာဖြစ်ကြောင်း သူက ပြောသွားပါတယ်။