ဂျပန်မြောက်ပိုင်း ဟော့ကိုင်းဒိုးတခွင်မှာ Aurora မိုးသောက်အလင်းတန်းတွေ တွေ့မြင်ရ

နေရောင်ခြည်မီးတောက်တွေနဲ့ coronal mass ejection လို့ ခေါ်တဲ့ သံလိုက်စက်ကွင်းတွေ အစုလိုက် အပြုံလိုက် ဖြာထွက်ခြင်းဖြစ်စဉ်ကြောင့် ဂျပန်မြောက်ဘက်အစွန်ဆုံး ဟော့ကိုင်းဒိုးခရိုင်မှာ aurora မိုးသောက်အလင်းရောင်တွေကို စနေနေ့ညကနေ တနင်္ဂနွေနေ့ မနက်အစောပိုင်းအထိ မြင်တွေ့ခဲ့ရပါတယ်။

Aurora borealis လို့ လည်းလူသိများတဲ့ အလင်းတန်းတွေကြောင့် ဟော့ကိုင်းဒိုး မြောက်ပိုင်းက Nayoro မြို့ရဲ့ ညကောင်းကင်ယံဟာ တောက်ပနေခဲ့ပါတယ်။ အဲဒီမှာ စနေနေ့ည ၇ နာရီလောက်မှာ ကောင်းကင်ဟာ ခရမ်းရောင် စပြောင်းလာခဲ့ပါတယ်။ လူအတော်များများက သူတို့မြင်တွေ့ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ တင်ခဲ့ကြပါတယ်။

ဟော့ကိုင်းဒိုးအရှေ့ပိုင်းက Rikubetsu မြို့မှာ ညကောင်းကင်ယံဟာ နေဝင်ချိန်ကနေ မိုးလင်းတဲ့အထိ ခရမ်းရောင်ဖျော့ဖျော့သန်းနေခဲ့တာကို ဗီဒီယိုကင်မရာတစ်လုံးကနေ ရိုက်ကူးနိုင်ခဲ့ပါတယ်။

ဒီပုံကို ရိုက်ကူးခဲ့တဲ့ အဲဒီမြို့က နက္ခတ်တာရာ‌လေ့လာရေးဌာနရဲ့ တာဝန်ရှိသူက အလင်းတန်းတွေဟာ တိမ်တိုက်နောက်ကွယ်က ကောင်းကင်မှာ လင်းလက်တောက်ပနေတဲ့အတွက် လတ္တီတွဒ်နိမ့်တဲ့ aurora လို့ ယူဆရကြောင်း ပြောပါတယ်။

Aurora အလင်းတန်းတွေကို ဟော့ကိုင်းဒိုးလို လတ္တီတွဒ်အနိမ့်ပိုင်းဒေသမှာ တွေ့မြင်ရတာဟာ ရှားပါးတဲ့ဖြစ်စဉ်ဖြစ်ပြီး၊ နေရောင်ခြည်မီးတောက်တွေက သံလိုက်လှိုင်းတွေကို မုန်တိုင်းတိုက်သလို အစုလိုက် အပြုံလိုက် ဖြာထွက်စေခဲ့တာကြောင့် အခုလို ဖြစ်စဉ် ဖြစ်လာတာလို့ အဲဒီနက္ခတ်တာရာ‌လေ့လာရေးဌာနရဲ့ ညွှန်ကြားရေးမှူးက ထောက်ပြခဲ့ပါတယ်။