ဂျော်ဂျီယာမှာ နိုင်ငံခြားလွှမ်းမိုးမှုဆိုင်ရာ ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြ

ဂျော်ဂျီယာနိုင်ငံ မြို့တော် တဘီလစ်ဆီမှာ နိုင်ငံခြားကနေ ရန်ပုံငွေရရှိနေတဲ့ အဖွဲ့အစည်းတွေကို ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ ဥပဒေကြမ်းကို လူစုလူဝေးနဲ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီဥပဒေကြမ်းကို အာဏာရပါတီက တင်သွင်းခဲ့ပါတယ်။ တကယ်လို့ဥပဒေအတည်ဖြစ်လာရင် ပြည်ပကနေ ရန်ပုံငွေရဲ့ ၂၀ ရာခိုင်နှုန်းကျော် လက်ခံရရှိထားတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေဟာ အဲဒီဥပဒေအရ နိုင်ငံခြားသြဇာခံ ကိုယ်စားလှယ်တွေအဖြစ် မှတ်ပုံတင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းဟာ အစိုးရက နှစ်သက်လိုလာခြင်း မရှိတဲ့ အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေရဲ့ လုပ်ဆောင်မှုတွေကို ကန့်သတ်ဖို့အတွက် အသုံးပြုတဲ့ ရုရှားဥပဒေနဲ့ ဆင်တူတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

မကြာခင်မှာ ဒီဥပဒေကြမ်းကို မဲပေးဆုံးဖြတ်လိမ့်မယ်လို့ မျှော်လင့်ရတာကြောင့် စနေနေ့က တဘီလစ်ဆီ မြို့လယ်က ရင်ပြင်တစ်ခုမှာ လူပေါင်း သောင်းနဲ့ချီ စုဝေးခဲ့ကြပါတယ်။

လွတ်လပ်ပြီး ဒီမိုကရေစီထွန်းကားတဲ့ ဂျော်ဂျီယာနိုင်ငံအတွက် အဲဒီဥပဒေမူကြမ်းဟာ မလိုအပ်ကြောင်း ဆန္ဒထုတ်ဖော်သူတွေက ပြောပါတယ်။

ဒီဥပဒေဟာ လက်တွေ့အားဖြင့် ဂျော်ဂျီယာနိုင်ငံရဲ့ ဥရောပသမဂ္ဂ (EU) ဆီ ဝင်ရောက်လိုတဲ့ ဆန္ဒပြည့်ဖို့အတွက် အတားအဆီးဖြစ်စေမယ့် ရုရှားဥပဒေတစ်ခုဖြစ်ကြောင်း ပါဝင်သူတစ်ဦးက ပြောကြားခဲ့ပြီး ဆန္ဒပြမှုတွေဟာ ဥပဒေကြမ်းကို ပယ်ချနိုင်ဖို့ အထောက်အကူ ပြုလိမ့်မယ်လို့ မျှော်လင့်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နောက်တစ်ဦးကတော့ အနာဂတ်အတွက် ဆန္ဒပြဖို့ လိုတယ်လို့ ပြောပါတယ်။

ဂျော်ဂျီယာဟာ EU မှာ ပါဝင်ဖို့ လျှောက်ထားခဲ့ပေမဲ့ အာဏာရပါတီကို တည်ထောင်တဲ့သူဟာ ရုရှားနဲ့ နီးစပ်သူ တစ်ဦး ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel က လူမှုကွန်ရက်ပေါ်မှာ "ပွင့်လင်းတဲ့ ဒီမိုကရေစီနဲ့ ဗဟုဝါဒကို ကျင့်သုံးတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အတွက် ဂျော်ဂျီယံနိုင်ငံသားတွေရဲ့ တောင်းဆိုချက်ကို လိုက်နာရမယ်" လို့ ဖော်ပြခဲ့ပါတယ်။