ယူကရိန်းအရှေ့ပိုင်း Kharkiv က ရွာ ၅ရွာကို သိမ်းပိုက်ခဲ့တယ်လို့ ရုရှားက ဆို

ယူကရိန်း အရှေ့ပိုင်း Kharkiv ဒေသက ကျေးရွာ ၅ရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေ အကြီးအကျယ်လုပ်ပြီး ရုရှားမြေပြင်တပ်တွေဟာ မြောက်ဘက်ကနေ နယ်စပ်ကိုဖြတ်ကျော်ကာ Kharkiv မြို့ထဲကို သောကြာနေ့က ဝင်ရောက်ခဲ့ပါတယ်။

Kharkiv အုပ်ချုပ်ရေးမှူး Oleh Syniehubov က ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ‌လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း စနေနေ့မှာပြောပါတယ်။ ယူကရိန်းတပ်တွေဟာ ရုရှားတပ်တွေ ရှေ့တိုးမလာအောင် ပိတ်ဆို့ထားတယ်လို့ သူက ဆိုပါတယ်။

သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy က သူတို့အစိုးရဟာ Kharkiv ကို တပ်ဖွဲ့ဝင်တွေ ပိုပြီးစေလွှတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ရုရှားရဲ့ ကျူးကျော်ဖို့ ကြိုးပမ်းမှုမှန်သမျှကို ဟန့်တားသွားမှာဖြစ်ကြောင်း သူက ပြောကြားခဲ့ပါတယ်။

ယူကရိန်းအရှေ့ပိုင်း Donetsk ဒေသနဲ့ တခြားနေရာတွေမှာ ရုရှားတပ်ဖွဲ့ဝင်တွေကို ပြင်းပြင်းထန်ထန် ဆက်တိုက်နေကြောင်း ယူကရိန်းစစ်တပ်က စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ အကဲဖြတ်အစီရင်ခံစာတစ်ခုမှာ အမေရိကန်သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Institute for the Study of War က "ရုရှားတပ်ဖွဲ့တွေဟာ Kharkiv မြောက်ပိုင်းမှာ သူတို့ရဲ့ နည်းဗျူဟာဆိုင်ရာခြေကုပ်စခန်းတွေရအောင် တိုက်ခိုက်သိမ်းပိုက်ပြီး လာမယ့်ရက်တွေအတွင်း ထိုးစစ်ကို အရှိန်မြှင့်နိုင်ဖွယ်ရှိတယ်" လို့ ဆိုပါတယ်။

ရုရှားရဲ့ အဲဒီနယ်စပ်ဖြတ်ကျော်စစ်ဆင်မှုဟာ အရှေ့ဘက်က တခြားစစ်မျက်နှာတွေမှာ ရှေ့တက်ဖို့ လွယ်ကူအောင် ရည်ရွယ်ပြီး၊ ယူကရိန်းတပ်တွေကို Kharkiv ဆီ ဆွဲဆောင်အာရုံပြောင်းဖို့ ရုရှားစစ်တပ်က နည်းဗျုဟာအရ လုပ်တဲ့စစ်ဆင်ရေးတစ်ခု ဖြစ်နိုင်ကြောင်း အဲဒီအဖွဲ့က အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။