အာဖဂန်နစ္စတန်မှာ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၈၅ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း Baghlan ပြည်နယ်မှာ ကြာသပတေးနေ့နဲ့ သောကြာနေ့တွေက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၈၅ ဦး သေဆုံးခဲ့ပါတယ်။

သောကြာနေ့က ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုမှာ လူနေရပ်ကွက်တွေထဲ ရွှံ့ရေတွေ စီးဆင်းပြီး အဆောက်အအုံတွေကို ပြင်းပြင်းထန်ထန် ပျက်စီးစေခဲ့တာကို တွေ့ရပါတယ်။

ရာနဲ့ချီတဲ့ အဆောက်အအုံတွေ ပျက်စီးသွားခဲ့တယ် ဒါမှမဟုတ် မျောပါသွားခဲ့တယ်လို့ တာလီဘန် ယာယီအစိုးရလက်အောက်က ဒေသန္တရအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့အတွက် အစိုးရနဲ့ ဒေသန္တရတာဝန်ရှိသူတွေက ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ထားပါတယ်။

ပြီးခဲ့တဲ့လက အာဖဂန်နစ္စတန်နိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၇၀ ထက်မနည်း သေဆုံးပြီး အဆောက်အအုံ ၂,၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။