ဘူမိသံလိုက်မုန်တိုင်းဖြစ်ပွားမှု ဂျပန်စူးစမ်းလေ့လာရေးဌာန အတည်ပြု

ပြင်းထန်တဲ့ solar flare နေမီးတောက်တွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တဲ့ အစီရင်ခံချက်တွေ ထွက်ပေါ်လာပြီးနောက် ကမ္ဘာမြေရဲ့ သံလိုက်စက်ကွင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ ဘူမိသံလိုက်မုန်တိုင်းဖြစ်ပေါ်ခဲ့တယ်လို့ ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီက အတည်ပြုပြောကြားခဲ့ပါတယ်။

အီဘာရာခီ ခရိုင် Ishioka မြို့က ဘူမိသံလိုက် စောင့်ကြည့်လေ့လာရေးဌာနက စနေနေ့အစောပိုင်းမှာ အဲဒီ မုန်တိုင်းကို တွေ့ခဲ့ရကြောင်း အေဂျင်စီတာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီမုန်တိုင်းဟာ စနေနေ့မနက် ၂ နာရီ ထိုးပြီးချိန်မှာ စတင်ခဲ့ပြီး မနက် ၉ နာရီအထိအတွင်း ဘူမိသံလိုက်လှိုင်း အတက်အကျတွေဟာ နေ့စဥ်ပုံမှန်အနေအထားထက် ၁၀ ဆကျော်သွားခဲ့တယ်လို့ သူတို့က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့အထိ အတောအတွင်း အပြင်းထန်ဆုံးအဆင့် နေမီးတောက်တွေ ၆ ကြိမ်တိုင် တွေ့ရှိခဲ့တယ်လို့ ဂျပန်ရဲ့ နိုင်ငံ့သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာဌာနက အစီရင်ခံခဲ့ပြီးနောက် အခုလို ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဘူမိသံလိုက်မုန်တိုင်းတွေဟာ ဆက်သွယ်ရေးလမ်းကြောင်းတွေကို အနှောင့်အယှက်ပေးနိုင်ပေမဲ့ အခုနောက်ဆုံးဖြစ်ပေါ်မှုရဲ့ သက်ရောက်မှုကို မသိရသေးကြောင်း အေဂျင်စီတာဝန်ရှိသူတွေက ပြောပါတယ်။

အခုတစ်ကြိမ်လို ကြီးမားတဲ့ အတက်အကျမျိုး မတွေ့ရတာ ကြာပြီဖြစ်တယ်လို့ အဲဒီစူးစမ်းလေ့လာရေးဌာနက ပြောပါတယ်။ လာမယ့်နှစ်မှာ နေရဲ့ လှုပ်ရှားမှုတွေ တိုးလာမယ်လို့ ခန့်မှန်းရတာကြောင့် ဘူမိသံလိုက်မုန်တိုင်းတွေ မကြာခဏ ဖြစ်ပေါ်နိုင်တယ်လို့ အဲဒီဌာနက ဆိုပါတယ်။