ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပါလက်စတိုင်းအဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းမှု ပြန်လည်အသက်ဝင်လာ

ပါလက်စတိုင်းကို ကုလသမဂ္ဂရဲ့ အဖွဲ့ဝင်အဖြစ်လက်ခံရေး ကြိုးပမ်းချက်ကို ထောက်ခံတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက တစ်ခဲနက် အတည်ပြုခဲ့ပါတယ်။ ဒီကိစ္စအတွက် "သင့်‌လျော်အောင်" ပြန်စဉ်းစားဖို့ လုံခြုံရေးကောင်စီကို ညီလာခံက အကြံပြုထားပါတယ်။

ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၄၃ မဲ၊ အမေရိကန်နဲ့အစ္စရေးတို့ အပါအဝင် ကန့်ကွက်မဲ ၉ မဲ နဲ့ သောကြာနေ့က အတည်ပြုခဲ့ပါတယ်။ နိုင်ငံပေါင်း ၂၅ နိုင်ငံက မဲမပေးဘဲ နေခဲ့ပါတယ်။

ပါလက်စတိုင်းဟာ လက်ရှိအနေအထားမှာ အဖွဲ့ဝင်မဟုတ်ဘဲ လေ့လာသူအဆင့်သာ ရှိပါတယ်။ အခုဆုံးဖြတ်ချက်အရ ပါလက်စတိုင်းကို အပြည့်အဝပါဝင်ဖို့ အရည်အချင်းပြည့်မီကြောင်း အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။

အဖွဲ့ဝင်ဖြစ်ဖို့အတွက် လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက် လိုအပ်ပါတယ်။ ဒါပေမဲ့လည်း အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့လက ပါလက်စတိုင်းအဖွဲ့ဝင်ဖြစ်ရေး ဆုံးဖြတ်ချက်တစ်ခုကို ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် လက်ထောက်သံအမတ်ကြီး Robert Wood က ဒီဆုံးဖြတ်ချက်ကို သူ့နိုင်ငံက ဆန့်ကျင်မဲပေးခဲ့တာနဲ့ ပတ်သက်ပြီး သောကြာနေ့က ရှင်းပြခဲ့ရာမှာ "ကျွန်တော်တို့ရဲ့ မဲက ပါလက်စတိုင်း နိုင်ငံဖြစ်မှုကို ဆန့်ကျင်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို ထောက်ခံတယ်၊ ဒါကို အဓိပ္ပါယ်ရှိရှိ ရှေ့ဆက်သွားဖို့ ကြိုးပမ်းနေတာ ရှင်းနေပါတယ်။ ဒါထက်မက သက်ဆိုင်သူတွေအကြား တိုက်ရိုက် ညှိနှိုင်းဆွေးနွေးမှုတွေပါဝင်တဲ့ လုပ်ငန်းစဉ်ကသာ နိုင်ငံဖြစ်တည်မှုကို ဖြစ်လာစေမယ်လို့ ယူဆထားပါတယ်" ပြောခဲ့ပါတယ်။

အဲဒီဆုံးဖြတ်ချက်ကို အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Israel Katz က ဝေဖန်ခဲ့ပါတယ်။ လွဲမှားပြီး အဆက်အစပ်မဲ့တဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂက ချမှတ်ခဲ့တယ်လို့ ဆိုရှယ်မီဒီယာမှာ ပြောခဲ့ပါတယ်။ အကြမ်းဖက်မှုအတွက် ဆုလာဘ်ပေးမယ်ဆိုတဲ့ သတင်းစကားကို ကိုယ်စားလှယ်တွေက ပေးပို့နေတယ်လို့ သူက ထည့်သွင်းပြောခဲ့ပါတယ်။