ဂျပန်နဲ့ မြောက်ကိုရီးယားအနေနဲ့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူတွေ လွတ်မြောက်ရေးကိစ္စ ဖြေရှင်းဖို့ မိသားစုဝင်တွေ တောင်းဆို

မြောက်ကိုရီးယားရဲ့ အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရတဲ့ ဂျပန်နိုင်ငံသားတွေရဲ့ မိသားစုဝင်တွေဟာ အသက်ကြီးရင့်လာတဲ့ မိဘတွေနဲ့ သူတို့သားသမီးတွေ ပြန်လည်ဆုံတွေ့နိုင်အောင် အဲဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးရေး ထပ်မံ တောင်းဆိုလိုက်ပါတယ်။

အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူတွေရဲ့ မိသားစုဝင်တွေ ပါဝင်တဲ့အဖွဲ့နဲ့ သူတို့ကို ထောက်ခံသူတွေဟာ စနေနေ့က တိုကျိုမှာ လူထုအစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ ဝန်ကြီးချုပ် Kishida Fumio အပါအဝင် လူ ၈၀၀ လောက် ပါဝင်တက်ရောက်ခဲ့ပါတယ်။

အဖွဲ့ခေါင်းဆောင် Yokota Takuya က အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရသူတွေရဲ့ အသက်ရှင်ကျန်ရစ်နေဆဲ မိဘတွေထဲမှာ အသက် ၈၈ နှစ်အရွယ် သူ့မိခင် Sakie နဲ့ Arimoto Keiko ရဲ့ အသက် ၉၅ နှစ်အရွယ် ဖခင်ဖြစ်သူ Arimoto Akihiro တို့သာ ရှိတော့တယ်လို့ ဆိုပါတယ်။

သူ့အစ်မ Megumi ဟာ ၁၉၇၇ ခုနှစ်က အသက် ၁၃ နှစ်အရွယ်မှာ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်။

ဒီကိစ္စဟာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ် ဖြစ်ပြီး ဖြေရှင်းဖို့အတွက် အချိန်သိပ်မကျန်တော့ဘူးလို့ သူက ပြောပါတယ်။

အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရသူတွေ အားလုံး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဆိုထားတဲ့ တောင်းဆိုချက်ရဲ့ အရေးပါမှုကို လျော့ပါးမသွားအောင် ဂျပန်အစိုးရအနေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ သူက တောင်းဆိုခဲ့ပါတယ်။

မီးစ် Yokota Sakie က သူ့မိသားစုဟာ မီးစ် Megumi ဘယ်မှာ ရှိသလဲဆိုတာကို မသိရဘဲ သူပြန်လာမယ့်ရက်ကို စောင့်မျှော်နေကြတယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အနေနဲ့ စိတ်သဘောထားပြောင်းလဲပြီး အဓမ္မဖမ်းဆီးခေါ်ဆောင်သွားသူအားလုံးကို မိဘတွေဆီ ပြန်လွှတ်ပေးဖို့ သူက တောင်းဆိုခဲ့ပါတယ်။

အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ပြီးခဲ့တဲ့ ၂၂ နှစ်မှာ ပြန်လွတ်လာသူ Soga Hitomi ဟာ အဲဒီအစည်းအဝေးမှာ စကားပြောကြားခဲ့ပါတယ်။ သူ့မိခင် Miyoshi ဟာ ၁၉၇၈ ခုနှစ်မှာ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး သူအခု ဘယ်မှာ ရှိသလဲဆိုတာကို မသိရပါဘူး။

မီးစ် Soga က တနင်္ဂနွေနေ့ဟာ ဂျပန်မှာ အမေများနေ့ဖြစ်ပေမဲ့ သူဟာ မိခင်ဖြစ်သူနဲ့အတူ အဲဒီနေ့ကို မဆင်နွှဲရတာ ၄၆ နှစ်ကြာခဲ့ပြီလို့ ဆိုပါတယ်။ သူတို့အနေနဲ့ ဘာကြောင့် ဒီလို ကံကြမ္မာမျိုးနဲ့ ရင်ဆိုင်နေရသလဲဆိုတာကို သူ နားမလည်နိုင်ကြောင်းလည်း ပြောပါတယ်။

မီးစ် Soga က အချိန်သိပ်မရှိတော့ဘူးဆိုတာနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေ အားလုံး မကြာမီမှာ အိမ်ပြန်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

အဲဒီအစည်းအဝေးမှာ ပါဝင်သူတွေဟာ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရသူ အားလုံး အိမ်ပြန်လာနိုင်ဖို့အတွက် ဂျပန်အစိုးရကို တောင်းဆိုထားပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ မြောက်ကိုရီးယားအစိုးရကို တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အတည်ပြုခဲ့ပါတယ်။