အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရခြင်းအရေးကိစ္စဆိုင်ရာ ထိပ်သီးအစည်းအဝေးအတွက် မြောက်ကိုရီးယားခေါင်းဆောင်နဲ့အတူ ဆောင်ရွက်ဖို့ ဂျပန်ဝန်ကြီးချုပ် ကတိပြု

မြောက်ကိုရီးယားရဲ့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရတဲ့ ဂျပန်နိုင်ငံသားအားလုံး ပြန်လာနိုင်ဖို့အတွက် ဂျပန်ဝန်ကြီးချုပ် Kishida Fumio ဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရေး ကြိုးပမ်းမှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ ကတိပြုခဲ့ပါတယ်။

စနေနေ့က တိုကျိုမှာ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရသူတွေရဲ့ ဆွေမျိုးသားချင်းတွေ ပြုလုပ်တဲ့ လူထုအစည်းအဝေးမှာ မစ္စတာ Kishida က ဒီကိစ္စဟာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် ကိစ္စရပ်ဖြစ်ပြီး ဆွေမျိုးသားချင်းအများအပြားဟာ အသက်အရွယ်ကြီးရင့်လာနေတဲ့အတွက် ဖြေရှင်းဖို့ အချိန်သိပ်မကျန်တော့ဘူးလို့ ပြောပါတယ်။

အစိုးရအနေနဲ့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရသူတွေ အားလုံး အမြန်ဆုံး ပြန်လာနိုင်အောင် အကောင်းဆုံး ဆောင်ရွက်မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အဲဒီကိစ္စရဲ့ လက်ရှိအခြေအနေ ကြီးကြီးမားမား ပြောင်းလဲလာအောင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ သူက အလေးပေးပြောကြားခဲ့ပါတယ်။ ထိပ်တန်းခေါင်းဆောင်တွေအနေနဲ့ ခက်ခဲတဲ့ အရေးကိစ္စတွေကို ကိုင်တွယ်ဖို့အတွက် ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးနိုင်မယ့် ဆက်ဆံရေးကို တည်ဆောက်ဖို့က အရေးကြီးတယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

သူ့အနေနဲ့ မစ္စတာ Kim ကို ခြွင်းချက်မရှိနဲ့ အချိန်မရွေး တွေ့ဆုံဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ဆိုပါတယ်။

ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ဖို့အတွက် သူ့ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ အကြီးတန်းအရာရှိတွေရဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ရေး လမ်းကြောင်းအမျိုးမျိုးကနေ ကြိုးပမ်းနေတာတွေကို မြှင့်တင်ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

သူ့အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကို အရေးကြီးတဲ့အချက်တွေကို ရှုမြင်ဖို့၊ အခက်အခဲတွေကို ကျော်လွန်ဖို့နဲ့ ဆုံးဖြတ်ချက်တွေ အတူတကွ ချမှတ်ဖို့အတွက် တိုက်တွန်းဖို့ ဆန္ဒရှိတယ်လို့ သူက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။