အခြေခံအဆောက်အအုံတွေအပေါ် ဘူမိသံလိုက်မုန်တိုင်း သက်ရောက်မှု ဖြစ်နိုင်တယ်လို့ အမေရိကန်အာဏာပိုင်တွေ သတိပေး

ဗုဒ္ဓဟူးနေ့ကစလို့ နေမီးတောက်တွေဖြစ်ပေါ်ပြီး corona လို့ခေါ်တဲ့ ရောင်ခြည်ဝန်းကနေ အစုလိုက်အပြုံလိုက် ထုတ်လွှတ်မှု ဆက်တိုက် ဖြစ်ခဲ့တဲ့နောက် အမေရိကန်ပြည်ထောင်စုရဲ့ နိင်ငံ့သမုဒ္ဒရာနဲ့ လေထုဆိုင်ရာ စီမံခန့်ခွဲရေးဌာန (NOAA)က သတိထားကြဖို့ တိုက်တွန်းနေပါတယ်။ ဆက်သွယ်ရေးနဲ့ တခြား အခြေခံအဆောက်အအုံတွေ အနှောင့်အယှက်ကြုံရနိုင်တယ်လို့ အဲဒီဌာနက သတိပေးထားပါတယ်။

Corona လို့ခေါ်တဲ့ ရောင်ခြည်ဝန်းကနေ အစုလိုက်အပြုံလိုက် ထုတ်လွှတ်မှုဆိုတာကတော့ နေရဲ့ ရောင်ခြည်ဝန်းကနေ ပလာစမာနဲ့ သံလိုက်စက်ကွင်းတွေ ပေါက်ကွဲထွက်တာဖြစ်ပြီး ဒါတွေ ကမ္ဘာမြေကိုရောက်ရှိတဲ့အခါ ဘူမိသံလိုက်မုန်တိုင်းတွေကို ဖြစ်ပေါ်စေပါတယ်။

အစောဆုံး သောကြာနေ့ ညနေပိုင်းမှာပြင်းထန်တဲ့ ဘူမိသံလိုက်မုန်တိုင်း ဖြစ်ပွားနိုင်ပြီး သီတင်းပတ်ကုန်အထိ ဆက်ဖြစ်နိုင်တယ်လို့ NOAA က ဆိုပါတယ်။

ဘူမိသံလိုက်မုန်တိုင်းဆိုင်ရာ အဆင့် ၅ ဆင့်ရှိတဲ့ အကြံပေးချက်ထဲမှာ ဒုတိယအမြင့်ဆုံးဖြစ်တဲ့ ပြင်းထန်တဲ့ ဘူမိသံလိုက်မုန်တိုင်း သတိပေးချက်ကို အဲဒီဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဘူမိသံလိုက်မုန်တိုင်းတွေဟာ ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားကွန်ရက်၊ လမ်းကြောင်းပြစနစ်၊ ရေဒီယိုနဲ့ ဂြိုဟ်တု လုပ်ငန်းဆောင်တာတွေအပေါ် သက်ရောက်နိုင်တယ်လို့ NOAA က ပြောကြားခဲ့ပြီး အဲဒီလို စနစ်တွေကို စီမံခန့်ခွဲနေတဲ့ ကုမ္ပဏီတွေအနေနဲ့ ကာကွယ်တားဆီးရေးအစီအမံတွေ ပြုလုပ်နိုင်စေဖို့ အဲဒီဌာနက အကြောင်းကြားခဲ့ပါတယ်။

အဲဒီမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံ Alabama ပြည်နယ်နဲ့ အဲဒီထက် မြောက်ဘက်ကျတဲ့ နေရာအများစုမှာ ဥတ္တရရောင်ခြည်တွေကို မြင်တွေ့နိုင်မယ်လို့လည်း သူတို့က ပြောပါတယ်။