တရုတ်က သူပိုင်တယ်လို့ဆိုနေတဲ့ ကျွန်းတွေအနားမှာ အမေရိကန်ရေတပ်က ဖြတ်သန်းသွားလာပြီးနောက် တရုတ်အစိုးရက ကန့်ကွက်မှုလုပ်ဆောင်

တောင်တရုတ်ပင်လယ်က Paracel ကျွန်းတွေနားကနေ အမေရိကန်ရေတပ်ရဲ့ ဖျက်သင်္ဘောတစ်စင်း ခုတ်မောင်းသွားလာခဲ့တာကြောင့် တရုတ်အစိုးရက ကန့်ကွက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အမေရိကန်ရေတပ်ရဲ့ အမှတ် ၇ ရေယာဉ်အုပ်စုက USS Halsey သင်္ဘောဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းပြီးတဲ့နောက် အဲဒီကျွန်းစုတွေအနားမှာ လွတ်လပ်စွာ ရေကြောင်းသွားလာမှု စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တယ်လို့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

တရုတ်၊ ဗီယက်နမ်နဲ့ ထိုင်ဝမ်တို့က Paracel ကျွန်းစုတွေကို သူတို့ပိုင်ဆိုင်တယ်လို့ ဆိုနေကြပါတယ်။

တရုတ်စစ်တပ်ရဲ့ တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲရေးဌာနပြောရေးဆိုခွင့်ရှိသူက အဲဒီ အမေရိကန် စစ်သင်္ဘောဟာ တရုတ်နိုင်ငံရဲ့ ရေပိုင်နက်ထဲကို တရားမ၀င်၊ ခွင့်ပြုချက်မဲ့ ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီ အရာရှိက အမေရိကန်ပြည်ထောင်စုဟာ တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အကြီးမားဆုံး အဖျက်အမှောင့်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ပြီးခဲ့တဲ့လမှာ ပေကျင်းကို သွားရောက်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ဖို့ လိုအပ်ကြောင်း တရုတ်သမ္မတ Xi Jinping နဲ့ သဘောတူခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်ရေလက်ကြားတွေမှာ တရုတ်နိုင်ငံရဲ့ကျယ်ပြန့်တဲ့ ရေကြောင်းပိုင်နက်ဆိုင်ရာ တောင်းဆိုမှုတွေကို အမေရိကန်ပြည်ထောင်စုက ဆက်ပြီး စိန်ခေါ်နေပါတယ်။