Rafah မှာ စစ်ဆင်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ကတိပြု

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က "ဖိအားဘယ်လောက်ပေးပေး” အစ္စရေးတို့အနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်ရေးကနေ ရပ်တန့်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ အမေရိကန်သမ္မတ Joe Biden က အစ္စရေးကို လက်နက်ခဲယမ်းတွေ တင်ပို့မှုကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ချက်ချပြီးတဲ့နောက် သူက အဲဒီလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးအနေနဲ့ “တစ်နိုင်ငံတည်း ရပ်တည်ရမယ်” ​​ဆိုရင် ရပ်တည်မှာ ဖြစ်တယ်လို့ မစ္စတာ Netanyahu က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့တပ်ဖွဲ့ဝင်တွေဟာ Rafah မြို့ရဲ့ နေရာတစ်ချို့ကို ဗုံးကြဲတိုက်ခိုက်ချိန်မှာ သူတို့ရဲ့လက်နက်အများအပြားကို အသုံးပြုခဲ့တာကို မစ္စတာ Netanyahu က မြင်တွေ့နေပါတယ်။ သူတို့ရဲ့ "လက်သည်းတွေ" သုံးပြီး တိုက်ခိုက်ရမယ်ဆိုရင်တောင် တိုက်ရမှာပဲလို့ သူက ပြောပါတယ်။

အစ္စရေး စေ့စပ်ညှိနှိုင်းသူတွေဟာ Cairo မြို့မှာ ပြုလုပ်တဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကနေ နုတ်ထွက်ခဲ့ပါတယ်။ ဟားမတ်စ်အဖွဲ့ကိုယ်စားလှယ်တွေလည်း နုတ်ထွက်သွားပြီလို့ ဆိုထားတဲ့ ကြေညာချက်ကို အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်တွေက ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ Rafah ကို ကျူးကျော်မှုဟာ "ကြားဝင်စေ့စပ်ညှိနှိုင်းသူတွေရဲ့ ကြိုးပမ်းမှုတွေကို ပိတ်ဆို့ဖို့ ရည်ရွယ်တာဖြစ်တယ်" လို့ သူတို့က ဆိုပါတယ်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ John Kirby က အဓိက မြေပြင် စစ်ဆင်ရေးတစ်ခုက ဟားမတ်စ်တွေကို စေ့စပ်ညှိနှိုင်းရေး မှာ အမှန်တကယ် အားကောင်းလာစေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ "Rafah ကို ဖျက်ဆီးမယ့် " အစား ခြိမ်းခြောက်မှုတွေကို ဖယ်ရှားဖို့ တခြားနည်းလမ်းတွေ ရှာဖွေရေးအတွက် အမေရိကန်က အစ္စရေးတို့နဲ့ ပူးပေါင်းလုပ်ဆောင်နေကြောင်း သူက ပြောပါတယ်။