အောင်‌ပွဲခံနေ့မှာ ရုရှားရဲ့ နျူကလီးယားစွမ်းရည်တွေကို သမ္မတ Putin အလေးပေးပြောကြား

ရုရှားသမ္မတ Vladimir Putin ဟာ သူ့နိုင်ငံက အောင်ပွဲခံနေ့အခမ်းအနားတွေကို နိုင်ငံရဲ့ နျူကလီးယားစွမ်းရည် အလေးပေးဖော်ပြဖို့အတွက် အသုံးချခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်က ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ တိုးမြှင့်ပေးနေတဲ့ အနောက်နိုင်ငံတွေကို သိသာတဲ့ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်လို့ရပါတယ်။

ယခင်ဆိုဗီယက်ယူနီယံက နာဇီဂျာမနီတွေကို ချေမှုန်းနိုင်ခဲ့တဲ့ ၇၉ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကြာသပတေးနေ့မှာ အောင်ပွဲခံနေ့အဖြစ် ရုရှားက ကျင်းပခဲ့ပါတယ်။

မော်စကိုမှာ ကျင်းပတဲ့ အခမ်းအနားမှာ မစ္စတာ Putin က ရုရှားအနေနဲ့ဘယ်သူ့ကိုမှ နိုင်ငံကို ခြိမ်းခြောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး နိုင်ငံရဲ့ဗျူဟာမြောက်တပ်ဖွဲ့တွေဟာ တိုက်ခိုက်ရေးအတွက် အမြဲအဆင်သင့် ဖြစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

စစ်ရေးပြပွဲမှာ ပြသခဲ့တဲ့ လက်နက်တွေထဲမှာ ယူကရိန်းမှာ အသုံးပြုနေတဲ့ နျူကလီယားထိပ်ဖူးတွေ သယ်ဆောင်နိုင်တဲ့ တာတိုပစ်ပဲ့ထိန်းဒုံးကျည် Iskander လိုမျိုး လက်နက်တွေ ပါဝင်ပါတယ်။

ရုရှားရဲ့ ဗျူဟာမြောက်မဟုတ်တဲ့ နျူကလီးယားလက်နက် လေ့ကျင့်မှုမှာ ဘဲလာရုစ်နိုင်ငံ ပါဝင်မယ်လို့ မစ္စတာ Putin က ပြောပါတယ်။ Putin အစိုးရဟာ ဘဲလာရုစ်မှာ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေကို ဖြန့်ကျက်ချထားပါတယ်။

ပြီးခဲ့တဲ့လက ယူကရိန်းကို ဒေါ်လာဘီလီယံပေါင်းများစွာ ထပ်မံအကူအညီပေးမယ်လို့ အမေရိကန်က ကတိပြုခဲ့ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Cameron က ယူကရိန်းနိုင်ငံကို မကြာသေးမီက သွားရောက်စဉ်အတွင်း ယူကရိန်းနိုင်ငံသားတွေဟာ ဗြိတိန်နိုင်ငံက ပေးတဲ့လက်နက်တွေနဲ့ ရုရှားနိုင်ငံတွင်းကို တိုက်ခိုက်ပိုင်ခွင့်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။