အဏုမြူဗုံးကြဲချမှုနဲ့ပတ်သက်ပြီး အမေရိကန် အထက်လွှတ်တော်ကမှတ်ချက်တွေအပေါ် ဂျပန် နိုင်ငံခြားရေးဝန်ကြီး တုံ့ပြန်

ဟီရိုရှီးမားနဲ့ နာဂါစာကီမြို့ အဏုမြူဗုံးကြဲချမှုတွေကို ထည့်သွင်းပြောဆိုခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်က ဆွေးနွေးမှုအပေါ် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန်လိုက်ပါတယ်။ ဟားမတ်စ်ကို တိုက်ခိုက်ရာမှာ အစ္စရေးကို အမေရိကန်ပြည်ထောင်စုက ထောက်ခံမှုပေးနေတာနဲ့ပတ်သက်ပြီး အချေအတင် ဆွေးနွေးမှုမှာ ဒီဗုံးကြဲချမှုအကြောင်း ပါလာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်လက်နက်တင်ပို့ရောင်းချမှု တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းမှု ပါ၀င်တဲ့ ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော် ဆပ်ကော်မတီ ကြားနာမှုမှာ အဲဒီမှတ်ချက်တွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Lindsey Graham က ၁၉၄၅ ခုနှစ် အဏုမြူဗုံးကြဲချမှုကို ရည်ညွှန်းရင်း လက်နက်ပေးပို့မှု ပြန်လည်စတင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သူက "အစ္စရေးအနေနဲ့ ဆုံးရှုံးလို့မရတဲ့စစ်ပွဲကို တိုက်ခို့ဖို့ သူတို့လိုအပ်တာတွေကို ပေးလိုက်ပါ။ ဒါက စတီးရွိုက် သုံးထားတဲ့ ဟီရိုရှီးမားနဲ့ နာဂါစာကီ ဖြစ်တယ်" လို့ပြောခဲ့ပါတယ်။

တစ်ကြိမ်မှာ အမတ် Graham က နျူကလီးယားလက်နက်အသုံးပြုတာ တရားမျှတမှုရှိတယ်လို့ ထင်သလားဆိုပြီး အမေရိကန်ကာကွယ်ရေး အကြီးတန်းအရာရှိတွေကို မေးမြန်းခဲ့ပါတယ်။

အမတ် Graham က “အခုပြန်စဉ်းစားရင် ဂျပန်မြို့ကြီးတွေကို အဏုမြူဗုံး ၂ လုံး ကြဲချဖို့ဆိုတာ အမေရိကအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ထင်ပါသလား” လို့ မေးခဲ့ပါတယ်။

အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များဌာန သဘာပတိ ဗိုလ်ချုပ်ကြီး Charles Q. Brown က "ဒါဟာ ကမ္ဘာစစ်ကြီး တစ်ခုကို ရပ်တန့်စေခဲ့တယ်လို့ ပြောချင်ပါတယ်" လို့ ဖြေခဲ့ပါတယ်။

အမတ် Graham က အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကို "ဗိုလ်ချုပ် Austin ကရော ဒါကို သဘောတူပါသလား။ အဲဒီကိစ္စနဲ့ နီးစပ်တဲ့အနေအထားမှာ ရှိနေခဲ့ရင် ဒီဗုံးတွေကို ချလိုက်လို့ ပြောမှာလား" လို့ ဆက်ပြီး မေးမြန်းခဲ့ပါတယ်။

မစ္စတာ Austin က "ဒါနဲ့ပတ်သက်ပြီး သဘာပတိနဲ့ တစ်သဘောတည်းပါပဲ" လို့ ပြန်ဖြေခဲ့ပါတယ်။

သောကြာနေ့မှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Kamikawa Yoko ကို ဒီမှတ်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ပါတယ်။
သူက "ဟီရိုရှီးမားနဲ့ နာဂါစာကီနဲ့ ပတ်သက်တဲ့ ဒီမှတ်ချက်တွေဟာ မသင့်လျော်ဘူးလို့ ယုံကြည်ပါတယ်။ ဟီရိုရှီးမားနဲ့ နာဂါစာကီမှာ အဏုမြူဗုံးကြဲချမှုကြောင့် အဖိုးတန်တဲ့ အသက်ပေါင်းများစွာကို ဆုံးရှုံးခဲ့ရပြီး နာမကျန်းမှုတွေ၊ မသန်စွမ်းမှုတွေကြောင့် အကြီးအကျယ်အတိဒုက္ခရောက်ခဲ့တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အလွန်တရာ ဝမ်းနည်းကြေကွဲဖွယ် အခြေအနေတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့တယ်" သူက ပြောပါတယ်။

အဲဒီလို သဘောထားအမြင်ကို အမေရိကန်အစိုးရနဲ့ အထက်လွှတ်တော်အမတ် Graham ရဲ့ ရုံးတွေကို ဂျပန်အစိုးရက ရှင်းပြခဲ့တယ်လို့ မီးစ် Kamikawa က ပြောပါတယ်။