Sushiro စားသောက်ဆိုင်လုပ်ငန်းရဲ့ အသားတင်အမြတ်က ၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမနှစ်ဝက်မှာ နှစ်ဆတိုးလာ

ဂျပန်နိုင်ငံမှာ အဓိက စူရှီစားသောက်ဆိုင်လုပ်ငန်းကို စီမံခန့်ခွဲနေတဲ့ ကုမ္ပဏီဟာ ဘဏ္ဍာရေးနှစ်ရဲ့ မတ်လအထိဖြစ်တဲ့ ပထမနှစ်ဝက်အတွင်းအမြတ်ငွေဟာ ပြီးခဲ့တဲ့နှစ်ကထက် ၂ ဆတိုးလာတယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ သက်သာသွားပြီးတဲ့နောက်မှာ သူတို့ရဲ့စားသောက်ဆိုင်တွေဆီကို ဖောက်သည်တွေက ပြန်ရောက်လာကြတယ်လို့ အဲဒီကုမ္ပဏီက ပြောပါတယ်။

Food & Life Companies ဟာ စက်ခါးပတ်တွေ အသုံးပြုတဲ့ စူရှီဆိုင်ခွဲတွေကို ဖွင့်လှစ်လုပ်ကိုင်နေပါတယ်။

အသားတင်အမြတ်ငွေက ယန်း ၇.၂ ဘီလီယံ တစ်နည်းအားဖြင့် အ‌မေရိကန်ဒေါ်လာ ၄၆ သန်းဝန်းကျင်အထိ ခုန်တက်ခဲ့တယ်လို့ အဲဒီကုမ္ပဏီက ဆိုပါတယ်။ သူတို့ ကုမ္ပဏီအုပ်စုရဲ့ ရောင်းအားက ၂၂.၈ ရာခိုင်နှုန်းတက်ခဲ့ပြီး ယန်း ၁၇၅.၉ ဘီလီယံ တစ်နည်းအားဖြင့် အ‌မေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ လောက် ရှိခဲ့ပါတယ်။

COVID-19 ရောဂါ ကို ရာသီတုပ်ကွေးနဲ့ တန်းတူအဆင့်ထိ ဂျပန်အစိုးရက အဆင့်လျှော့ချပြီးတဲ့နောက် စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။

ပြည်ပရောင်းအားလည်း တက်လာခဲ့ပါတယ်။ ထိုင်ဝမ်၊ ဟောင်ကောင် နဲ့ ထိုင်းနိုင်ငံမှာလည်း ဆိုင်ခွဲတွေ ဖွင့်လှစ်ထားပါတယ်။

Food & Life Companies ရဲ့ ဥက္ကဌနဲ့ CEO ဖြစ်သူ Mizutome Koichi က လက်ရှိမှာ ယန်းငွေ အားပျော့နေတာက ကုန်ကျစရိတ်ကို ပိုတက်စေနိုင်တယ်လို့ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီအနေနဲ့ ဒီလိုအခြေအနေမျိုးကို တုံ့ပြန်ဖို့ သူ့တို့ရဲ့ ဟင်းလျာအမယ်တွေကို ချိန်ဆလုပ်သွားမယ်လို့ သူက ထည့်သွင်းပြောခဲ့ပါတယ်။