ဂျပန်က ၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ စာရင်းရှင်ပိုငွေ စံချိန်တင်

ဂျပန်ဟာ ၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ စာရင်းရှင်ပိုငွေပြမှု အကြီးမားဆုံးစံချိန်တင်ခဲ့ပါတယ်။ မော်တော်ကားတင်ပို့ရောင်းချမှုက ဒီကိန်းဂဏန်းပမာဏကို မြင့်တက်လာစေခဲ့ပါတယ်။

ပိုငွေပြမှုဟာ ယန်း ၂၅.၃ ထရီလီယံ တနည်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၆၂ ဘီလီယံကျော်ရှိတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ၂၀၂၂ ဘဏ္ဍာရေးနှစ်ထက် အမေရိကန်ဒေါ်လာ ၁၀၄ ဘီလီယံ ပိုများလာတာ ဖြစ်ပါတယ်။

အဲဒီစာရင်းရှင်ဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ ဂျပန်တို့ရဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကို တိုင်းတာတဲ့ အဓိက အတိုင်းအတာတစ်ခု ဖြစ်ပါတယ်။

ရေနံစိမ်းနဲ့ တခြားစွမ်းအင်ဈေးနှုန်းတွေ ထိုးတက်ခဲ့ပြီးတဲ့နောက် ကျဆင်းလာခဲ့တဲ့အတွက် ဂျပန်ရဲ့ တင်သွင်းမှုတန်ဖိုးဟာလည်း ကျလာခဲ့ပါတယ်။

တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေရရှိမှု တိုးလာတဲ့အတွက် မော်တော်ယာဉ်နဲ့ဆက်နွယ်တဲ့ တင်ပို့မှုတွေတက်လာပြီး ကုန်သွယ်ရေးလိုငွေပြမှု လျော့ကျသွားဖို့ အထောက်အကူဖြစ်စေခဲ့ပါတယ်။

အဓိကဝင်ငွေမှာ ပိုငွေပြမှုဟာ ယန်း ၃၅.၅ ထရီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၂၂၈ ဘီလီယံလောက်အထိ စံချိန်တင်ခဲ့ပါတယ်။ အဲဒီအထဲမှာ ဂျပန်ကုမ္ပဏီတွေ သူတို့ရဲ့ နိုင်ငံခြားလုပ်ငန်းခွဲတွေက ရရှိတဲ့ အမြတ်ဝေစုနဲ့ အတိုးဝင်ငွေတွေ ပါဝင်ပါတယ်။

ယန်းငွေတန်ဖိုးအားနည်းမှုနဲ့ နိုင်ငံခြားငွေချေးစာချုပ်တွေရဲ့ အတိုးနှုန်းမြင့်တက်မှုကြောင့် ဒီကိန်းဂဏန်းဟာ ၂၀၂၂ ဘဏ္ဍာရေးနှစ်ထက် ဒေါ်လာ တစ်ဘီလီယံကျော် တက်လာခဲ့ပါတယ်။