Abe အုပ်စုရဲ့ဘဏ္ဍာရေးမှူးက ရန်ပုံငွေအစီရင်ခံစာတွေနဲ့ပတ်သက်တဲ့စွဲချက်အများစုကို တရားခွင်မှာ ၀န်ခံ

ဂျပန်နိုင်ငံရဲ့ အဓိကအာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီရဲ့ အကြီးဆုံးပါတီတွင်းအုပ်စု ဘဏ္ဍာရေးမှူးချုပ်က နိုင်ငံရေးရန်ပုံငွေ အစီရင်ခံစာတွေမှာ ဝင်ငွေဒေါ်လာသန်းပေါင်းများစွာကို မကြေညာခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

Matsumoto Junichiro ဟာ ၂၀၂၂ ခုနှစ်အထိ ၅ နှစ်တာကာလအတွင်း ဒီအုပ်စုက ကျင်းပတဲ့ ရန်ပုံငွေရှာဖွေရေးပွဲတွေကဝင်ငွေ ယန်း ၆၇၅ သန်း တစ်နည်းအားဖြင့် အမေရိကန် ဒေါ်လာ ၄.၃ သန်းလောက်ကြေညာဖို့ ပျက်ကွက်မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။ အဲဒီအုပ်စုကို ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း Abe Shinzo တစ်ချိန်က ဦးဆောင်ခဲ့ပါတယ်။

အကြမ်းဖျင်းအားဖြင့် တူညီတဲ့ ‌ငွေပမာဏကို လွှတ်တော်အမတ်တွေရဲ့ ရုံးတွေဆီ ဖြတ်စားလျှပ်စားငွေအဖြစ်ပေးခဲ့တာကို အစီရင်ခံစာတွေမှာ မစ္စတာ Matsumoto က ဖော်ပြဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း အစိုးရရှေ့နေတွေက စွပ်စွဲထားပါတယ်။

မစ္စတာ Matsumoto ရဲ့ တရားခွင်ကို သောကြာနေ့က တိုကျို တရားရုံးမှာ စတင်ခဲ့ပါတယ်။ သူ့ကို စွဲဆိုထားတဲ့ စွဲချက်အများစု မှန်ကန်ကြောင်း တရားရုံးမှာ သူက ဖြောင့်ချက်ပေးခဲ့ပါတယ်။
အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်သူ ၁၀ ဦးကို ဥပဒေအရာရှိတွေက စွဲချက်တင်ထားပါတယ်။ ဒီလူတစ်ဦးချင်း နိုင်ငံရေးရန်ပုံငွေ ထိန်းချုပ်ရေးဥပဒေကို ချိုးဖောက်တယ်လို့ သူတို့က စွပ်စွဲထားပါတယ်။ မစ္စတာ Matsumoto ဟာ ပထမဆုံး တရားခွင်မှာ စစ်ဆေးခံရသူဖြစ်ပါတယ်။

သူတို့ထဲက ၄ ဦးရဲ့ အမှုတွေကတော့ ပြီးဆုံး‌နေပြီ ဖြစ်တာကြောင့် သူတို့ကို အမှုစစ်ဆေးမှာမဟုတ်ပါဘူး။ သူတို့ဟာ ဒဏ်ငွေနဲ့တခြားပြစ်ဒဏ်အမျိုးအစားတွေကို ကျခံဖို့ အကျဉ်းချုံး စီရင်ချက် ချမှတ်ခံထားရပါတယ်။