ဂျပန်မှာ လျှို့ဝှက်အချက်အလက် ကိုင်တွယ်ခွင့်စနစ် ဖန်တီးရေး ဥပဒေမူကြမ်းကို အတည်ပြု

နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ လုံခြုံမှုအတွက် အရေးကြီးတယ်လို့ သတ်မှတ်ထားတဲ့ သတင်းအချက်အလက်ကိုင်တွယ်ခွင့် ထိန်းချုပ်ရေး စနစ်တစ်ခုကို ဖန်တီးဖို့ ဥပဒေမူကြမ်းကို လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

အဲဒီဥပဒေမူကြမ်းကို သောကြာနေ့က အထက်လွှတ်တော် မျက်နှာစုံညီအစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။

ပေါက်ကြားခဲ့ရင် နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ သတင်းအချက်အလက်တွေအတွက် အဲဒီစနစ်ကို အသုံးပြုမှာ ဖြစ်ပါတယ်။

အဲဒီသတင်းအချက်အလက်တွေကို ပုဂ္ဂလိကကဏ္ဍက ကုမ္ပဏီတွေရဲ့ ဝန်ထမ်းတွေအပါအဝင် အစိုးရက ခွင့်ပြုထားတဲ့ လူတွေအတွက်ပဲ ကြည့်ရှုကိုင်တွယ်ခွင့် အကန့်အသတ်နဲ့ ခွဲခြားသတ်မှတ်မှာ ဖြစ်ပါတယ်။

အဲဒီဥပဒေသစ်အရ အစိုးရက လုံခြုံရေးဆိုင်ရာ ကင်းလွတ်ခွင့် စစ်ဆေးမှုတွေ လုပ်ဆောင်ရေးစနစ် ကျင့်သုံးပုံကို နှစ်စဉ် လွှတ်တော်ကို အစီရင်ခံဖို့ လိုအပ်ပါတယ်။ အဲဒီအစီရင်ခံစာတွေမှာ သတင်းအချက်အလက်တွေကို ခွဲလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ခြင်းနဲ့ ဖယ်ရှားခြင်းတို့ကိုလည်း ဖော်ပြရမှာ ဖြစ်ပါတယ်။