မြောက်ကိုရီးယားနဲ့ ထိပ်သီးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ရည်ရွယ်ထားကြောင်း ဂျပန်ဝန်ကြီးချုပ် ဆို

ဂျပန်နိုင်ငံဝန်ကြီးချုပ် Kishida Fumio ဟာ အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ပံ့ပိုးကူညီမှုနဲ့ မြောက်ကိုရီးယားနဲ့ ထိပ်သီးဆွေးနွေးပွဲတစ်ခုကို ကျင်းပဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားက အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရတဲ့ ဂျပန်နိုင်ငံသားတွေရဲ့ ဆွေမျိုးအဖွဲ့နဲ့ တိုကျိုမြို့မှာ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမှုတစ်ခုမှာ မစ္စတာ Kishida က အဲဒီလိုမှတ်ချက်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ မကြာသေးမီက အမေရိကန်ပြည်ထောင်စုကို သွားရောက်ခဲ့ပြီး အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတွေနဲ့ လွှတ်တော်နှစ်ရပ်လုံးက အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ကာ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရမှုပြဿနာကို အမြန်ဆုံး ဖြေရှင်းဖို့အတွက် ပံ့ပိုးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီအဖွဲ့မှာ အသက် ၁၃ နှစ်အရွယ် ညီမဖြစ်သူ Megumi ကို ၁၉၇၇ ခုနှစ်မှာ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ ခေါင်းဆောင် Yokota Takuya နဲ့ အသက် ၁ နှစ် အရွယ်မှာ မိခင်ဖြစ်သူ Taguchi Yaeko ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ Iizuka Koichiro တို့ ပါဝင်ပါတယ်။

အခွင့်အရေးရတိုင်း အဲဒီအဓမ္မခေါ်ဆောင်ခံရမှုကိစ္စကို တင်ပြမှာဖြစ်ကြောင်း အမေရိကန်အရာရှိတွေက ပြောခဲ့တယ်လို့ အဲဒီဆွေမျိုးတွေက မစ္စတာ Kishida ကို ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန်ပြည်ထောင်စုကို သွားရောက်ခဲ့ချိန်မှာ အဲဒီပြဿနာကို ဖြေရှင်းရေး ကြိုးပမ်းအားထုတ်မှုတွေကို သမ္မတ Joe Biden က အခိုင်အမာ ထောက်ခံကြောင်း ဖော်ပြခဲ့တယ်လို့ မစ္စတာ Kishida ကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အကူအညီနဲ့ နားလည်မှုတို့နဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ မြောက်ကိုရီးယားကို အရှိန်မြှင့် တောင်းဆိုသွားမယ်လို့ အဲဒီဆွေမျိုးတွေကို ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ဂျပန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကို အကောင်အထည် ဖော်နိုင်ရေးအတွက် အဆင့်မြင့်အရာရှိတွေနဲ့ ဆွေးနွေးမှုတွေ ဆက်လက်ပြုလပ်ဖို့ ဂျပန်အစိုးရက နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မစ္စတာ Kishida က ပြောပါတယ်။

အစည်းအဝေးအပြီးမှာ မစ္စတာ Yokota ကသတင်းထောက်တွေကို ပြောကြားရာမှာ ဖမ်းဆီးခေါ်ဆောင်သွားခံရသူအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ အဲဒီအဖွဲ့က တောင်းဆိုထားကြောင်း ဆိုပါတယ်။ သူတို့အဖွဲ့အနေနဲ့ အဲဒီ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဂျပန်အစိုးရကို အလျော့မပေးစေလိုကြောင်းနဲ့ မြောက်ကိုရီးယားအပေါ် အားကောင်းတဲ့ ညှိနှိုင်းမှုတွေကို ဆက်လက်ပြုလုပ်စေလိုကြောင်း သူက ပြောပါတယ်။