MSDF ရေယာဉ်ကို ဒရုန်းနဲ့ ရိုက်ကူးထားတယ်ဆိုတဲ့ သံသယဖြစ်ဖွယ် ဗီဒီယို နဲ့ ပတ်သက်ပြီး ဂျပန်ကာကွယ်ရေးဝန်ကြီး တုံ့ပြန်

ဂျပန်ကာကွယ်ရေးဝန်ကြီး Kihara Minoru က ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ အဆောက်အအုံတွေရဲ့ လုံခြုံရေးစွမ်းရည်တွေကို အားကောင်းအောင် လုပ်ဆောင်သွားမယ်လို့ ပြောလိုက်ပါတယ်။ အွန်လိုင်းမှာ တင်ထားတဲ့ အခြေစိုက်စခန်းတစ်ခုမှာ ဆိုက်ကပ်ထားတဲ့ ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ MSDF က ရေယာဉ်တစ်စင်းကို ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဟာ အစစ်အမှန် ဖြစ်နိုင်ဖွယ်ရှိကြောင်း တွေ့ရှိခဲ့ပြီးနောက် အဲဒီလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီဗီဒီယိုဖိုင်ကို တရုတ် ဗီဒီယိုမျှဝေတဲ့ ဝဘ်ဆိုက်နဲ့ တခြားလူမှုမီဒီယာတွေမှာ မတ်လတုန်းက တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဗီဒီယိုဖိုင်ထဲမှာ တိုကျို တောင်ပိုင်းက Yokosuka မြို့ မှာရှိတဲ့ MSDF အခြေစိုက်စခန်းမှာ ဆိုက်ကပ်ထားတဲ့ ဖျက်သင်္ဘော Izumo ကို ပြသပုံရပါတယ်။

အဲဒီဗီဒီယိုကို ဆန်းစစ်လေ့လာခဲ့ပြီး စစ်မှန်ဖွယ်ရှိတယ်လို့ ယူဆကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ အခြေစိုက်စခန်းတွေအနီးနဲ့ အပေါ်မှာ ခွင့်ပြချက်မရှိတဲ့ ဒရုန်းယာဉ်တွေ ပျံသန်းမှုတွေကို ဥပဒေအရ တားမြစ်ထားပါတယ်။

ဒရုန်းယာဉ်တွေကြောင့် ဂျပန်ကာကွယ်ရေးနဲ့ ဆက်နွှယ်နေတဲ့ အဆောက်အအုံတွေ ပျက်စီးမှုဟာ နိုင်ငံ့လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့အတွက် ဆန်းစစ်လေ့လာမှုရလဒ်တွေကို အလေးအနက်ထားတယ်လို့ မစ္စတာ Kihara က သောကြာနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။

ဒီလိုကျူးကျော်ဝင်ရောက်မှုတွေကို ကာကွယ်ဖို့အတွက် ဝန်ကြီးဌာနက အဆင့်မြင့်စက်ကိရိယာတွေ အသုံးပြုဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းသွားမယ်လို့ သူက ပြောပါတယ်။