ဂျပန်နိုင်ငံ Genkai မြို့ဝန်က နျူကလီးယား စွန့်ပစ်နေရာအတွက် ပထမအဆင့်စစ်တမ်းကို လက်ခံ

ဂျပန်နိုင်ငံအနောက်ပိုင်းက မြို့တစ်မြို့ရဲ့ မြို့ဝန်က ရေဒီယိုသတ္တိကြွမှု မြင့်မားတဲ့ စွန့်ပစ်ပစ္စည်းတွေ အပြီးသတ် စွန့်ပစ်မယ့်နေရာကို ရွေးချယ်ဖို့ ပထမအဆင့်စစ်တမ်းကို လက်ခံဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း ပြောဆိုပါတယ်။

Genkai မြို့ဝန် Wakiyama Shintaro က အဲဒီကြေညာချက်ကို သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေက ရေဒီယိုသတ္တိကြွမှုမြင့်မားတဲ့ စွန့်ပစ်ပစ္စည်းတွေဟာ အားပြင်းတဲ့ ဓာတ်ရောင်ခြည်ကို အချိန်ကြာရှည်စွာ ထုတ်လွှတ်နေတဲ့အတွက် အဲဒါတွေကို မြေအောက်မီတာ ၃၀၀ ကျော်မှာ မြှုပ်နှံဖို့ ဥပဒေကြောင်းအရ ခွင့်ပြုချက်လိုအပ်ပါတယ်။ အဲဒီဥပဒေအရ ဖြစ်နိုင်ချေရှိတဲ့ အပြီးသတ် စွန့်ပစ်နေရာတွေကို ရွေးချယ်ရေးအတွက် အဆင့်သုံးဆင့်ထားပြီး စစ်တမ်းတွေကို ကောက်ယူဖို့လည်း လိုအပ်ပါတယ်။

အဲဒီစစ်တမ်းကို လက်ခံတဲ့ မြူနီစီပယ်အုပ်ချုပ်‌ရေးအဖွဲ့တွေကို အဆင့်တစ်ခုစီမှာ ထောက်ပံ့ကြေးပေးမှာ ဖြစ်ပါတယ်။ ပထမအဆင့်အတွက် ထောက်ပံ့ကြေးဟာ အများဆုံး ယန်း ၂ ဘီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၂.၈၅ သန်းနဲ့ ဒုတိယအဆင့်အတွက် အများဆုံး ယန်း ၇ ဘီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၄၄.၉၈ သန်း ဝန်းကျင် သတ်မှတ်ထားပါတယ်။

ဧပြီလမှာ မြို့ကောင်စီက ကနဦး စစ်တမ်းကောက်ယူမှုအတွက် တောင်းဆိုတဲ့ ပန်ကြားလွှာကို အတည်ပြုခဲ့ပါတယ်။ မြို့အနေနဲ့ အဲဒီစစ်တမ်းကိုလက်ခံဖို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဂျပန်အစိုးရက တောင်းဆိုခဲ့ပါတယ်။

Genkai မြို့ဟာ ကျူးရှူးလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီက စီမံခန့်ခွဲနေတဲ့ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို လက်ခံထားပါတယ်။ အဲဒီစစ်တမ်းဟာ နျူကလီးယားစက်ရုံတည်ရှိတဲ့ မြူနီစီပယ်အုပ်ချုပ်ရေးဒေသမှာ ပထမဆုံးသောစစ်တမ်း ဖြစ်ပါတယ်။