ဆွစ်ဇာလန်မှာ ကျင်းပမယ့် ယူကရိန်း ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်ဖို့ ဂျပန်ဝန်ကြီးချုပ် စီစဉ်

ဂျပန်ဝန်ကြီးချုပ် Kishida Fumio ဟာ နောက်လမှာ ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပမယ့် ယူကရိန်းအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ခုကို ဆွေးနွေးမယ့် နိုင်ငံတကာ ညီလာခံကို တက်ရောက်ဖို့ စီစဉ်နေကြောင်း အစိုးရသတင်းရင်းမြစ်တွေအရ သိရပါတယ်။

မစ္စတာ Kishida က ယူကရိန်းအတွက် ဂျပန်နိုင်ငံက ဆက်လက်ပံ့ပိုးကူညီမယ်လို့ ကတိပြုပြီး ငြိမ်းချမ်းရေး ရရှိဖို့အတွက် နိုင်ငံတွေရဲ့ စည်းလုံးညီညွတ်မှုကို အတည်ပြုလိမ့်မယ် မျှော်လင့်ရပါတယ်။

ယူကရိန်းကို ရုရှားရဲ့ ကာလရှည်ကြာ ကျူးကျော်မှု အကြား Burgenstock အပန်းဖြေစခန်းမြို့မှာ ယူကရိန်းငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးကို ဇွန်လ ၁၅ ရက်နဲ့ ၁၆ ရက်တို့မှာ ကျင်းပမယ်လို့ ဆွစ်ဇာလန်အစိုးရက အခုလ အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

တက်ရောက်လာသူတွေဟာ ယူကရိန်းက အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်နဲ့ တခြားအဆိုပြုချက်တွေကို ဆွေးနွေးကြမှာဖြစ်ကြောင်း ဆွစ်ဇာလန်အစိုးရက ဆိုပါတယ်။ရုရှားတပ်တွေ ဆုတ်ခွာရေးနဲ့ ယူကရိန်းပိုင်နက်နယ်မြေတွေ တည်တံ့ခိုင်မြဲမှု ပြန်လည်ထူထောင်ရေးတို့ ပါဝင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ် ၁၀ ချက်ကို ယူကရိန်းက တင်ပြထားပါတယ်။

အဲဒီအစည်းအဝေးဟာ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ယူကရိန်းရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း ပြသဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အရေးကြီးကြောင်း အစိုးရအဖွဲ့အတွင်းဝန်ချုပ် Hayashi Yoshimasa က ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။