နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ဖို့ တရုတ်နဲ့ ဟန်ဂေရီခေါင်းဆောင်တွေ သဘောတူညီ

တရုတ်သမ္မတ Xi Jinping နဲ့ ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban တို့ဟာ တရုတ်ရဲ့ Belt and Road အစီအစဉ်မှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေဖို့ သဘောတူလိုက်ကြပါတယ်။

သမ္မတ Xi ဟာ ပြင်သစ်နဲ့ ဆားဘီးယားနိုင်ငံတွေကို သွားရောက်ခဲ့ပြီးတဲ့နောက် သူ့ရဲ့ ဥရောပခရီးစဉ် နောက်ဆုံးတစ်ထောက်ဖြစ်တဲ့ ဟန်ဂေရီမှာ ကြာသပတေးနေ့က ဝန်ကြီးချုပ် Orban နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဟန်ဂေရီဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို အရေးပါတဲ့နေရာမှာ ထားရှိပါတယ်။ ဥရောပသမဂ္ဂ က စီးပွားရေးအရ အလွန်အကျွံအားကိုးမှုကို လျှော့ချတာမျိုးလုပ်ပြီး တရုတ်အစိုးရနဲ့ဆက်ဆံရေးကို အန္တရာယ်ဖြစ်မှုနည်းပါးအောင် ကြိုးပမ်းနေပေမဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဟန်ဂေရီကတော့ တရုတ်နဲ့ စီးပွားရေးဆက်ဆံမှုကို မြှင့်တင်နေပါတယ်။

တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက တရုတ်-ဟန်ဂေရီဆက်ဆံရေးအခြေအနေကို သမိုင်းတစ်လျှောက် အကောင်းဆုံးလို့ မစ္စတာ Xi က ခေါ်ဆိုလိုက်တယ်ဆိုပြီး အစီရင်ခံဖော်ပြခဲ့ပါတယ်။

"နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှာ ခိုင်မာတဲ့တွန်းအားသစ်တွေကို ထည့်သွင်းသင့်တယ်" လို့ သမ္မတ Xi က ပြောဆိုတာကို ကိုးကားပြီး အဲဒီအစီရင်ခံချက်မှာ ဖော်ပြထားပါတယ်။

Belt and Road အစီအစဉ်အရ ဟန်ဂေရီနဲ့ ဆားဘီးယားတို့ကို ဆက်သွယ်မယ့် ရထားလမ်းဖောက်လုပ်ရေးကို ဆက်လက်လုပ်ဆောင်ဖို့ ခေါင်းဆောင်နှစ်ဦး သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ တရုတ်ကုမ္ပဏီတွေရဲ့ရင်းနှီးမြှုပ်နှံမှုတွေကတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်သွားမယ်ဆိုတာကိုလည်း သူတို့နှစ်ဦးက အတည်ပြု ပြောကြားခဲ့ပါတယ်။

တွေ့ဆုံပြီးတဲ့နောက် ဝန်ကြီးချုပ် Orban က ကမ္ဘာကြီးဟာ အခုအခါ ဘက်စုံအသွင်အပြင် ဖြစ်နေပြီဖြစ်ပြီး တရုတ်ဟာ အဲဒီကမ္ဘာ့အသွင်အပြင်သစ်ရဲ့ မဏ္ဍိုင်တွေထဲက တစ်ခုဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဟန်ဂေရီဝန်ကြီးချုပ်က နျူကလီးယားစွမ်းအင်ထုတ်လုပ်ရေးနယ်ပယ်မှာ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်လိုတယ်လို့လည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ။