Nippon Steel က အမေရိကန်ကုမ္ပဏီကို ဝယ်ယူမှု အပြီးသတ်လုပ်ဆောင်မယ်လို့ ကတိပြု

Nippon Steel ရဲ့ဥက္ကဋ္ဌက သူတို့ရဲ့ကုမ္ပဏီဟာ US Steel ကိုဝယ်ယူဖို့ သဘောတူညီချက်ရရှိရေး နီးစပ်လာစေဖို့ အမေရိကန်ဘက်က နားလည်မှုရအောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

အဲဒီကုမ္ပဏီဥက္ကဋ္ဌ Imai Tadashi က ကြာသပတေးနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီအစီအစဉ်ဟာ သူ ကနဦးမှာထင်ထားတာထက် ပိုပြီးကြီးမားတဲ့ကိစ္စရပ်ဖြစ်လာ‌ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အမေရိကန်တွေကြားက စိုးရိမ်မှုတွေကို ဖြေလျှော့ဖို့နဲ့ ဝယ်ယူမှုကို အပြီးသတ်ဖို့ သူ ဆက်လက်ကြိုးစားသွားမယ်လို့ အလေးပေးပြောဆိုခဲ့ပါတယ်။

"တကယ်လို့ အမေရိကန်ဘက်က ဒီဝယ်ယူမှုအတွက် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို မှန်မှန်ကန်ကန် အကဲဖြတ်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုမှာရှိတဲ့လူထုရဲ့ သဘောထားဟာ ကျွန်တော်တို့ရဲ့ တွေးခေါ်ပုံနဲ့ လိုက်လျောညီထွေ ဖြစ်မှာပါ၊ အမေရိကန်နိုင်ငံသားတွေ ယုံကြည်လက်ခံလာအောင် ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်နေပါတယ်" လို့ မစ္စတာ Imai က ပြောပါတယ်။

US Steel ကို ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့လုပ်ငန်းခွဲအဖြစ် ပြုလုပ်ဖို့သဘောတူညီထားတယ်ဆိုတာကို ဒီဇင်ဘာလမှာ Nippon Steel က ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့လက US Steel ရှယ်ယာပိုင်ရှင်တွေကလည်း ပြိုင်ဘက်ဂျပန်ကုမ္ပဏီရဲ့ ဝယ်ယူရေးကြိုးပမ်းချက်ကို အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီလုပ်ငန်းနယ်ထဲက အလုပ်သမားသမဂ္ဂတွေက အဲဒီ၀ယ်ယူမှုကို ဆန့်ကျင်ကြပါတယ်။ အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတဟောင်း Donald Trump တို့ကလည်း ဆန့်ကျင်ကြပါတယ်။