ဂျပန်နဲ့ နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ဖို့ တောင်ကိုရီးယား သမ္မတ အာရုံစိုက်နေ

တောင်ကိုရီးယားသမ္မတ Yoon Suk-yeol က ဂျပန်နိုင်ငံနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို ဆက်လက်မြှင့်တင်သွားဖို့ ရည်မှန်းထားကြောင်း ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

မစ္စတာ Yoon က သူ့ရဲ့ ရာထူးသက်တမ်း ၂ နှစ်မပြည့်ခင် တစ်ရက်အလိုမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ နှစ်နိုင်ငံဆက်ဆံရေးကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

သူက နှစ်နိုင်ငံအနေနဲ့ သည်းခံရမယ့်အရာတွေကို သည်းခံရင်း တစ်ချိန်တည်းမှာ မပြီးပြတ်သေးတဲ့ပြဿနာတွေနဲ့ သမိုင်းကြောင်းတွေက အဟန့်အတားဖြစ်လာနိုင်တယ်ဆိုတာ သိထားရင်း မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်လှမ်းသင့်ကြောင်း ပြောပါတယ်။

မစ္စတာ Yoon က သူနဲ့ ဂျပန်ဝန်ကြီးချုပ် Kishida Fumio တို့ဟာ အပြန်အလှန်ယုံကြည်မှုနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်လိုတဲ့ တူညီတဲ့ဆန္ဒတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ တောင်ကိုရီးယားရဲ့ အတိုက်အခံတွေက အများစုအင်အားကို ဆက်လက်ထိန်းသိမ််းထားခဲ့ပါတယ်။ ဒီအတွက်ကြောင့် လွှတ်တော်မှာ ဂျပန်ဆိုင်ရာ မူဝါဒကို ပြောင်းလဲပြင်ဆင်ဖို့ ပိုမိုပြင်းထန်တဲ့ တောင်းဆိုမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ တချို့က ဆိုနေပါတယ်။

တောင်ကိုရီးယားရဲ့ ကလေးမွေးဖွားနှုန်းနိမ့်ကျမှုဟာ နိုင်ငံရဲ့အရေးပေါ်အခြေအနေအဖြစ် ယူဆနိုင်ပြီး ဒီပြဿနာကို ကိုင်တွယ်ရေးအတွက် ဝန်ကြီးဌာနအသစ်တစ်ခု ထူထောင်ဖို့ အစီအစဉ်ရှိကြောင်းလည်း မစ္စတာ Yoon က ပြောကြားခဲ့ပါတယ်။

မစ္စတာ Yoon အနေနဲ့ သမ္မတရဲ့ သတင်းစာရှင်းလင်းပွဲ ကျင်းပတာဟာ သူ့ရဲ့ သမ္မတရာထူး ရက် ၁၀၀ ပြည့်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လနောက်ပိုင်းမှာ ဒါဟာ ပထမဦးဆုံး ဖြစ်ပါတယ်။