အစ္စရေးတပ်တွေ Rafah ထဲဝင်ရောက်ရင် လက်နက်တင်ပို့မှုတွေ ရပ်ဆိုင်းမယ်လို့ အမေရိကန် သမ္မတဆို

ဂါဇာကမ်းမြောင်တောင်ပိုင်း Rafah မြို့မှာ အစ္စရေးတပ်ဖွဲ့တွေက မြေပြင်ထိုးစစ်ဆင်မယ်ဆိုရင် အစ္စရေးကို အမေရိကန်လက်နက်တင်ပို့မှုတွေ ရပ်ဆိုင်းမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ Joe Biden က ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုက ပေးအပ်ခဲ့တဲ့ ဗုံးနဲ့ တခြားလက်နက်တွေကြောင့် ဂါဇာမှာ အရပ်သားတွေ သေဆုံးခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က CNN သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မစ္စတာ Biden က မှတ်ချက်ပြုခဲ့ပါတယ်။

သူက အစ္စရေး တပ်ဖွဲ့တွေ Rafah မြို့ထဲ ဝင်ရောက်မယ်ဆိုရင် "ကျွန်တော် လက်နက်တွေ ထောက်ပံ့ပေးမှာ မဟုတ်ဘူး” လို့ ဆိုပြီး ဒါကို အစ္စရေးဘက်ကို အတိအလင်း ပြောခဲ့တယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဒါဟာ အစ္စရေး-ဟားမတ်စ် စစ်ပွဲ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလနောက်ပိုင်းမှာ အစ္စရေးကို လက်နက်ထောက်ပံ့မှု ရပ်ဆိုင်းမယ်လို့ မစ္စတာ Biden က ပထမဆုံးအကြိမ် လူသိရှင်ကြား ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။

မစ္စတာ Biden အနေနဲ့ အစ္စရေးနိုင်ငံအပေါ် ဖိအားတိုးမြှင့်ဖို့ လိုလားနေပုံရပြီး အရပ်သား အသေအပျောက်များ များပြားနေတဲ့အကြား အစ္စရေးကို အမေရိကက စစ်ဘက်ဆိုင်ရာ ပံ့ပိုးမှုတွေ ဆက်လက်လုပ်ဆောင်နေတာအပေါ် နိုင်ငံတကာနဲ့ ပြည်တွင်းက ဝေဖန်မှုတွေကိုလည်း ရှောင်ရှားလိုပုံရပါတယ်။

တခြားတစ်ဘက်မှာ မစ္စတာ Biden က အမေရိကန်ပြည်ထောင်စုဟာ အစ္စရေးရဲ့ ကာကွယ်ရေးအတွက် ကတိကဝတ်တွေကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။

သူက "ကျွန်တော်တို့ အစ္စရေးရဲ့ လုံခြုံရေးကနေ ဖယ်ခွာသွားမှာ မဟုတ်ပါဘူး။ အဲဒီဒေသတွေမှာ အစ္စရေးရဲ့ စစ်ပွဲဆင်နွှဲမှုစွမ်းရည်ကနေ ရှောင်ရှားနေတာဖြစ်ပါတယ်" လို့ ပြောပါတယ်။