ဂျပန်ရဲ့ ပကတိ လုပ်ခလစာ ဆက်ပြီးကျဆင်း

အခုနောက်ဆုံး အစိုးရစာရင်းအင်းတွေအရ ဂျပန်က လူတွေရဲ့ လုပ်ခလစာတွေမှာ ငွေကြေးဖောင်းပွမှုရဲ့ ဆိုးကျိုးတွေ ဆက်လက်သက်ရောက်နေတာကို ပြသနေပါတယ်။

ပြီးခဲ့တဲ့နှစ် အလားတူလနဲ့ နှိုင်းယှဉ်ရင် မတ်လမှာ ငွေကြေးဖောင်းပွမှုကို ထည့်သွင်းတွက်ချက်ထားတဲ့လစာဟာ ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ အလုပ်သမား ဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ ၂၄ လဆက်တိုက် ကျဆင်းမှုဖြစ်ပြီး နှိုင်းယှဉ်နိုင်တဲ့ အချက်အလက်တွေ စတင်ရရှိခဲ့တဲ့ ၁၉၉၁ ခုနှစ်နောက်ပိုင်း အရှည်ကြာဆုံးကာလဖြစ်ပါတယ်။

ဒီကိန်းဂဏန်းတွေဟာ အနည်းဆုံးဝန်ထမ်း ၅ ဦးရှိတဲ့ လုပ်ငန်းပေါင်း ၃၀,၀၀၀ ကျော်ဆီကကောက်ယူထားတဲ့ လစဉ် စစ်တမ်းတစ်ခုကနေ တွက်ချက်ထားတာဖြစ်ပါတယ်။

မတ်လအတွက် ပျမ်းမျှ ကိန်းဂဏန်းအရ လုပ်ခလစာဟာ ၀.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယန်း ၃၀၁,၀၀၀ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၁,၉၄၀ ရှိပါတယ်။ ဒါဟာ ၂၇ လဆက်တိုက်တိုးလာတာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ အလုပ်သမားတွေကို လစာတိုးမြှင့်ပေးတဲ့ အလုပ်ရှင်အရေအတွက် အရင်နှစ်ကထက် တိုးလာမယ်လို့ အဲဒီဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီအနေအထားဟာ ကုမ္ပဏီကြီးတွေနဲ့ အလုပ်သမားသမဂ္ဂတွေအကြား နှစ်စဉ်ညှိနှိုင်းမှုရဲ့ ရလဒ်ကို ထင်ဟပ်နေတာဖြစ်ပါတယ်။