ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ပွဲတစ်ခုရဲ့ နှစ် ၈၀ ပြည့် အထိမ်းအမှတ် ကျောက်တိုင် အိန္ဒယမှာ ဆောက်လုပ်ခဲ့

အင်ဖာစစ်ဆင်ရေးလို့ ခေါ်ကြတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ပွဲမှာ သေဆုံးခဲ့သူတွေအတွက် အထိမ်းအမှတ် ကျောက်တိုင် ဆောက်လုပ်ပြီးစီးခြင်း အခမ်းအနားအတွက် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဗုဒ္ဓဟူးနေ့က လူတွေ စုဝေးခဲ့ကြပါတယ်။

အလွန်ခက်ခဲကြမ်းတမ်းခဲ့တဲ့ အဲဒီစစ်ဆင်ရေး နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် Nagaland ပြည်နယ် Kohima မြို့မှာ အဲဒီကျောက်တိုင်ကို စိုက်ထူခဲ့တာ ဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို ဒေသန္တရတာဝန်ရှိသူတွေက စီစဉ်ပေးခဲ့ပါတယ်။

ဂျပန်ဘုရင့်တပ်မတော်ဟာ အင်ဖာမြို့က ဗြိတိန်တပ်တွေကို ချေမှုန်းဖို့အတွက် ၁၉၄၄ ခုနှစ်မှာ ထိုးစစ်ဆင်မှု စတင်ခဲ့ပါတယ်။ ထောက်ပံ့မှု အကန့်အသတ်နဲ့ပဲရှိတဲ့ကြားက တိုက်ခိုက်ခဲ့ရတဲ့အတွက် ခန့်မှန်းခြေ ဂျပန်စစ်သား ၃၀,၀၀၀ ‌လောက် သေဆုံးခဲ့ပါတယ်။ Kohima မှာ တိုက်ပွဲတွေ အထူးပြင်းထန်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ ကျဆုံးသွားသူတွေရဲ့ရုပ်ကြွင်းတွေ ပြန်လည်ရှာဖွေရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

အဲဒီအခမ်းအနားမှာ ဂျပန်ဘုရင့်တပ်မတော်က တပ်သားဟောင်းရဲ့ ဆွေမျိုးတစ်ဦးအပါအဝင် ဂျပန်ကလူတွေ တက်ရောက်ခဲ့ကြပါတယ်။ သူတို့ဟာ အထိမ်းအမှတ် ကျောက်တိုင်ရှေ့မှာ ပန်းခွေတွေ ချပြီး ငြိမ်းချမ်းရေးအတွက် သူတို့ဆန္ဒတွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Suzuki Hiroshi က "မဖော်ပြနိုင်လောက်တဲ့ ဆင်းရဲဒုက္ခတွေ" ခံစားခဲ့ရတဲ့ ဒေသခံပြည်သူတွေအပါအဝင် တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသူအားလုံးအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။