ဘရာဇီးမှာ မိုးသည်းထန်မှုကြောင့် သေဆုံးသူ ၁၀၀ ရှိလာ

ဘရာဇီးနိုင်ငံတောင်ပိုင်းမှာ မိုးသည်းထန်မှုကြောင့် သေဆုံးသူဦးရေ ၁၀၀ ရှိလာခဲ့ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဘေးသင့်ဒေသတွေမှာ လုယက်မှုတွေ ဖြစ်ပွားနေတဲ့အတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ တိုးလာနေပါတယ်။

ဧပြီလနှောင်းပိုင်းက စခဲ့တဲ့ မိုးသည်းထန်မှုကြောင့် Rio Grande do Sul ပြည်နယ် တစ်ဝန်းမှာ အကြီးအကျယ် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပြည်နယ်မြို့တော် Porto Alegre က နိုင်ငံတကာလေဆိပ်ရဲ့ ပြေးလမ်းနဲ့ ဘောလုံးကွင်းတစ်ခု ရေမြုပ်‌ခဲ့ပါတယ်။

လူ ၁၀၀ သေဆုံးကြောင်း အတည်ပြုခဲ့ပြီး ၁၂၈ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသန္တရအရာရှိတွေက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

အဲဒီဘေးအန္တရာယ်ကြောင့် လူပေါင်း ၁၆၀,၀၀၀ ကျော် ဘေးကင်းရာကို ရွှေ့ပြောင်းခဲ့ရပြီး လူပေါင်း ၁.၄၅ သန်း လျှပ်စစ်နဲ့ သောက်သုံးရေပြတ်လပ်မှု အပါအဝင် ဘေးဒုက္ခတွေ ကြုံတွေ့နေရပါတယ်။

ဈေးဆိုင်တွေနဲ့ နေအိမ်တွေကို လုယက်မှုတွေနဲ့ အသက်ကယ်လှေတွေ ခိုးယူခံရတဲ့ သတင်းတွေ ရရှိခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဆိုပါတယ်။

Rio Grande do Sul ပြည်နယ်ဟာ ဘရာဇီးနိုင်ငံရဲ့ ကောက်ပဲသီးနှံ ထုတ်လုပ်ရေး အဓိကနေရာဖြစ်ပြီး ပြည်တွင်း ဆန်စပါးထုတ်လုပ်မှုရဲ့ ၇၀ ရာခိုင်နှုန်းဟာ အဲဒီပြည်နယ်က ဖြစ်ပါတယ်။

ဘရာဇီးသမ္မတ Luiz Inacio Lula da Silva က လိုအပ်မယ်ဆိုရင် နိုင်ငံအနေနဲ့ ဆန်နဲ့ တခြားပစ္စည်းတွေကို တင်သွင်းမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။