ယူကရိန်းက နာဇီဝါဒအပေါ် အောင်နိုင်ခြင်း အထိမ်းအမှတ်ကာလမှာ ယူကရိန်းသမ္မတက ရုရှားကို အပြစ်တင်ရှုတ်ချ

ဒုတိယကမ္ဘာစစ်မှာ ယူကရိန်းက နာဇီဝါဒကို အောင်ပွဲခံတဲ့ အထိမ်းအမှတ်ကာလမှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ရုရှားကို အပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာမစ္စတာ Zelenskyy က ဗီဒီယိုသတင်းစကားကို အွန်လိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

အရင်နှစ်ကစပြီး ယူကရိန်းနိုင်ငံဟာ မေလ ၈ ရက်နေ့ကို အောက်မေ့သတိရဖွယ်နဲ့ နာဇီဝါဒအပေါ်အောင်ပွဲခံတဲ့နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် မေလ ၈ ရက်နေ့မှာ နာဇီဂျာမနီ လက်နက်ချခဲ့ပါတယ်။ ယူကရိန်းရဲ့ လုပ်ဆောင်မှုဟာ မေလ ၉ ရက်နေ့ကို အောင်ပွဲခံတဲ့နေ့အဖြစ် သတ်မှတ်ထားတဲ့ ရုရှားနိုင်ငံနဲ့ ကွဲပြားစေဖို့ဖြစ်တယ်လို့ ယူဆရပါတယ်။

သတင်းစကားမှာ မစ္စတာ Zelenskyy က "လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ က သန်းပေါင်းများစွာသော ယူကရိန်းနိုင်ငံသားတွေဟာ နာဇီဝါဒကို ထာဝရအနိုင်ယူဖို့ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီကနေ့အချိန်မှာ ယူကရိန်းနိုင်ငံသားတွေဟာ ထပ်ပေါ်လာတဲ့ ကျွန်တော်တို့ကို နောက်တစ်ခါဖျက်ဆီးချင်နေတဲ့ မကောင်းဆိုးဝါးနဲ့ ရင်ဆိုင်နေကြပါတယ်" လို့ ဆိုပြီး "ဒီမကောင်းဆိုးဝါးကတော့ ရုရှားဖက်ဆစ်ဝါဒလို့ ခေါ်တာပဲဖြစ်တယ်” လို့ သူက ဆက်ပြောခဲ့ပါတယ်။

အဲဒီဗီဒီယိုဟာ ရုရှားရဲ့ကျူးကျော်မှု အစောပိုင်းအဆင့်မှာ ကလေးငယ်တွေအပါအဝင် ဒေသခံပေါင်း ၃၅၀ လောက် ဖမ်းဆီးခံထားခဲ့ရတဲ့ Chernihiv မြောက်ပိုင်းက စာသင်ကျောင်းတစ်ကျောင်းရဲ့ မြေအောက်ခန်းမှာ ရိုက်ကူးထားတာဖြစ်တယ်လို့ မစ္စတာ Zelenskyy က ပြောကြားခဲ့ပါတယ်။ အလင်းရောင်၊ အစာ၊ ရေနဲ့ အခြားလိုအပ်တာတွေမရှိဘဲ မြေအောက်ခန်းထဲမှာ အဖမ်းခံထားရတာ ဘယ်လိုနေမလဲဆိုတာ စိတ်ကူးကြည့်ခြင်းအားဖြင့် Putin ရဲ့ ရုရှားနိုင်ငံဆိုတာကို လူတိုင်းနားလည်နိုင်မယ်လို့ သူက ဆိုပါတယ်။

Putin ဆန့်ကျင်ရေး ညွန့်ပေါင်းတစ်ခုရဲ့ အောက်မှာ နိုင်ငံတွေ ပေါင်းစည်းကြဖို့ မစ္စတာ Zelenskyy က တောင်းဆိုခဲ့ပါတယ်။ ကမ္ဘာကြီးအနေနဲ့ အပြောမဟုတ်၊ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် "မော်စကို နာဇီတွေ" ကို တားဆီးနိုင်ပြီး အဲဒီ "မကောင်းဆိုးဝါး အသစ်" ဥရောပတစ်ခုလုံးနဲ့ တစ်ကမ္ဘာလုံးကို မပြန့်ပွားအောင် ကာကွယ်နိုင်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။