Miyazaki Hayao ရဲ့ အာနီမဲ ရုပ်ရှင် 'Spirited Away'ကို ပြဇာတ်အဖြစ် လန်ဒန်မှာ ဖျော်ဖြေ

ဂျပန် အာနီမဲ ကာတွန်းရုပ်ရှင် "Spirited Away" ကို ပြဇာတ်အနေနဲ့ လန်ဒန်က ကဇာတ်ရုံတစ်ခုမှာ ဖျော်ဖြေနေပါတယ်။

အဲဒီ ပြဇာတ်ကို West End က ကဇာတ်ရုံတစ်ခုမှာ အင်္ဂါနေ့က စတင် ဖျော်ဖြေခဲ့ပါတယ်။ အဲဲဒီပြဇာတ်ကို ဂျပန်ဘာသာနဲ့ ကပြပြီး အင်္ဂလိပ်ဘာသာ စာတန်းထိုး တင်ဆက်နေပါတယ်။

ဒါရိုက်တာ Miyazaki Hayao ရဲ့ ဒီဇာတ်ကားဟာ ၂၀၀၁ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး အကြီးအကျယ်အောင်မြင်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ လျှို့ဝှက်ဆန်းကြယ် နတ်ဘုရားတွေရဲ့ ကမ္ဘာတစ်ခုထဲကို မထင်မှတ်ဘဲ ရောက်သွားခဲ့တဲ့ မိန်းကလေးတစ်ယောက်အကြောင်း ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်ကားကို ပြဇာတ်အဖြစ် ၂၀၂၂ ခုနှစ်က ဂျပန်နိုင်ငံမှာ စတင် ကပြခဲ့ပါတယ်။

လန်ဒန်မှာ ပြသနေတဲ့ အဲဒီပြဇာတ်ပွဲတစ်ခုမှာ တစ်မူထူးခြားတဲ့ ဇာတ်ကောင်တွေ၊ ၀တ်စားဆင်ယင်မှုတွေနဲ့ ဖျော်ဖြေမှုတွေဟာ ပရိသတ်တွေကို ညှို့ယူဖမ်းစားခဲ့ပါတယ်။ ပြဇာတ်အပြီးမှာ ပရိသတ်တွေက သရုပ်ဆောင်တွေကို တစ်ခဲနက်ကျူးဩဘာပေးခဲ့ကြပါတယ်။

လန်ဒန်က အဲဒီပြပွဲကို ၄ လကျော် အတွင်း ကြည့်ရှုသူပေါင်း ၃၀၀,၀၀၀ လောက် ရှိမယ်လို့ မျှော်လင့်ထားကြောင်း အဲဲဒီပြဇာတ်ကို ထုတ်လုပ်တဲ့ Toho ကုမ္ပဏီ က ပြောပါတယ်။ ဂျပန်စကားပြော ပြဇာတ်တစ်ခုအနေနဲ့ နိုင်ငံခြားမှာ ကာလရှည်ကြာ ကပြတယ်ဆိုတာ ရှားတယ်လို့လည်း အဲဒီကုမ္ပဏီက ပြောပါတယ်။