အွန်လိုင်းမှာ တင်ထားတဲ့ ဖျက်သင်္ဘော ဗီဒီယိုဟာ အစစ်အမှန်ဖြစ်နိုင်ဖွယ်ရှိကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက တွေ့ရှိခဲ့

ဂျပန်ဖျက်သင်္ဘောတစ်စင်းကို ဝေဟင်ကနေ ဒရုန်းနဲ့ ရိုက်ကူးခဲ့တာလို့ဆိုတဲ့ လူမှုမီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုဟာ အစစ်အမှန်ဖြစ်ဖွယ်ရှိကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက တွေ့ရှိခဲ့ပါတယ်။

စက္ကန့် ၂၀ လောက်ကြာတဲ့ အဲဒီဗီဒီယိုဖိုင်ကို မတ်လနှောင်းပိုင်းက အွန်လိုင်းမှာ တင်ခဲ့ပါတယ်။ အဲဒီဗီဒီယိုဟာ တိုကျိုနားက ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့အခြေစိုက်စခန်းတစ်ခုမှာရှိတဲ့ Izumo ဖျက်သင်္ဘောပေါ် ဒရုန်းတစ်စင်း ကျော်ဖြတ်ပျံသန်းပြီး ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။။

ဒရုန်းဟာ သင်္ဘောရဲ့ အနောက်ဘက်ကနေ ချဉ်းကပ်လာပြီး ကုန်းပတ်ပေါ်ကို ကျော်ဖြတ်ပျံသန်းသွားပုံရပါတယ်။ အဲဒီမှတ်တမ်းမှာ တရုတ်ဗီဒီယိုမျှဝေရေး အင်တာနက်စာမျက်နှာ bilibili ရဲ့အမည် ပါဝင်နေပါတယ်။

ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (SDF) ရဲ့ အခြေစိုက်စခန်းတွေအပေါ် ခွင့်ပြုချက်မရှိဘဲ ဒရုန်းတွေ ပျံသန်းတာကို ဥပဒေအရ တားမြစ်ထားပါတယ်။

ဒီဗီဒီယိုဟာ အတုအယောင် ဒါမှမဟုတ် တည်းဖြတ်ပြီး ဖန်တီးထားတာလားဆိုတာ ဆုံးဖြတ်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနက လေ့လာစိစစ်နေခဲ့ပါတယ်။

စိစစ်ချက်အရ ဒီဗီဒီယိုဖိုင်ဟာ အစစ်အမှန် ဖြစ်နိုင်ဖွယ်ရှိတာ တွေ့ရှိရကြောင်း ဝန်ကြီးဌာနနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဗီဒီယိုကို ဘယ်လိုရိုက်ကူးခဲ့သလဲ ထုတ်ဖော်ဖို့အတွက် ဝန်ကြီးဌာနက ဆက်လက်စစ်ဆေးသွားမယ်လို့ စီစဉ်နေကြောင်း သိရပါတယ်။