Rafah နယ်စပ်ဂိတ်ကို အစ္စရေးတပ်တွေ သိမ်းပိုက်

မြေပြင်စစ်ဆင်ရေးကို ရှောင်ကြဉ်ဖို့ ကမ္ဘာတစ်ဝန်းက တောင်းဆိုနေ‌ပေမဲ့လည်း အစ္စရေးခေါင်းဆောင်တွေက ဂါဇာတောင်ပိုင်းက Rafah မြို့ကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့ပါတယ်။ အင်္ဂါနေ့မှာ အစ္စရေးတပ်ဖွဲ့တွေက အကူအညီပေးပို့ရာမှာ အရေးပါတဲ့ အဲဒီနယ်စပ်ဂိတ်ကို သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနယ်စပ်ဂိတ်ကို သိမ်းပိုက်တာဟာ ဟားမတ်စ်ရဲ့ ကျန်နေသေးတဲ့ စစ်ရေးစွမ်းရည်တွေကို ဖျက်ဆီးရေးမှာ အလွန်အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဆိုခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးဆိုင်ရာ နောက်ဆုံးအဆိုပြုချက်အပေါ် မစ္စတာ Netanyahu က အစ္စရေးရဲ့ “လိုအပ်တဲ့သတ်မှတ်ချက်တွေ” နဲ့ ဝေးနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီ အချက်အလက်တွေကို အခိုင်အမာ ပြောဆိုနိုင်ဖို့ Cairo ကို ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ပါတယ်။

ဟားမတ်စ်ခေါင်းဆောင်တွေကလည်း သူတို့ရဲ့ကိုယ်စားလှယ်တွေကို စေလွှတ်ခဲ့ပါတယ်။ Rafah နယ်စပ်ဂိတ်ကို ဝင်ရောက်သိမ်းပိုက်မှုဟာ ကြီးလေးတဲ့ ရာဇ၀တ်မှုဖြစ်တယ်ဆိုတာနဲ့ အဲဒီလိုမျိုး “ရန်လိုမှုတွေ” ဆက်လုပ်နေမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိလာမှာ မဟုတ်ဘူးလို့ သူတို့က ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က အလုံးစုံချေမှုန်းပစ်ခြင်းဟာ မှားယွင်းတဲ့မဟာဗျူဟာဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အိပ်မက်ဆိုးတစ်ခု ဖြစ်လာမယ်လို့ ပြောကြားခဲ့ပါတယ်။ တခြား ကုလသမဂ္ဂ အရာရှိတွေက အဲဒီနယ်စပ်ဂိတ်ကနေ ဂါဇာကိုပေးနေတဲ့ အကူအညီတွေအပေါ် အဟန့်အတားဖြစ်သွားတယ်ဆိုတာနဲ့ Kerem Shalom မှာ အရေးပါတဲ့ နောက်နယ်စပ်ဂိတ်ကလည်း ပိတ်ထားဆဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။