ယူကရိန်းသမ္မတ လုပ်ကြံသတ်ဖြတ်ခံရမယ့် အစီအစဉ်ကို ယူကရိန်း တားဆီးနိုင်ခဲ့

ယူကရိန်းလုံခြုံရေးဝန်ဆောင်မှုအေဂျင်စီက သမ္မတ Volodymyr Zelenskyy လုပ်ကြံသတ်ဖြတ်ခံရမယ့် အစီအစဉ်တစ်ခုကို တားဆီးနိုင်ခဲ့တယ်လို့ အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။ အဲဒီအေဂျင်စီက ယူကရိန်းအကြီးတန်းအရာရှိနှစ်ဦးကို ထိန်းသိမ်းလိုက်ပြီး သူတို့ဟာ ရုရှားအတွက် အလုပ်လုပ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

သူတို့ဟာ နိုင်ငံတော်အစောင့်တပ်ရဲ့ ဗိုလ်မှူးကြီးတွေ ဖြစ်ကြပြီး နိုင်ငံတော်ပုန်ကန်မှုသံသယနဲ့ သူတို့ကို ထိန်းသိမ်းခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးအရာရှိတွေက ပြောပါတယ်။

လုပ်ကြံသတ်ဖြတ်မယ့်အထဲမှာ အေဂျင်စီခေါင်းဆောင် Vasyl Maliuk နဲ့ စစ်တပ်ထောက်လှမ်းရေးအဖွဲ့အကြီးအကဲ Kyrylo Budanov တို့ ပါဝင်တယ်လို့ အဲဒီအေဂျင်စီက ဆိုပါတယ်။

သံသယရှိသူတွေဟာ ရုရှားဘက်ကို သတင်းအချက်အလက်တွေ မပေးပို့မီ သူတို့လုပ်ကြံသတ်ဖြတ်မယ့်သူတွေရဲ့ လှုပ်ရှားမှုတွေနောက် လိုက်ဖို့ စီစဉ်ထားခဲ့တယ်လို့ အေဂျင်စီက ပြောပါတယ်။ ဒုံးကျည်နဲ့ ဒရုန်းယာဉ်တိုက်ခိုက်မှုတွေနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလုပ်ကြံသတ်ဖြတ်မှုတွေဟာ သမ္မတသက်တမ်းအသစ် စတင်မယ့် ရုရှားသမ္မတ Vladimir Putin အတွက် "လက်ဆောင်" ဖြစ်လာခဲ့ဖို့ ရှိပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ မစ္စတာ Maliuk က ပြောပါတယ်။ ဒါပေမဲ့ ရန်သူဟာ အားကောင်းပြီး အတွေ့အကြုံရှိတာကြောင့် လျှော့တွက်လို့ မရဘူးလို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။