သွေးလွန်တုပ်ကွေးရောဂါ တိုက်ဖျက်ဖို့ ဂျပန်ပြိုင်ဘက်ကုမ္ပဏီနှစ်ခု ပူးပေါင်းလုပ်ကိုင်

အရှေ့တောင်အာရှနဲ့ တခြားနေရာတွေမှာ သွေးလွန်တုပ်ကွေးရောဂါပျံ့နှံ့မှုကို တိုက်ဖျက်ရာမှာ အသုံးပြုနိုင်မယ့် ခြင်ဆေးဖျန်းဘူးတစ်မျိုးကို ထုတ်လုပ်ဖို့အတွက် ဂျပန်ပြိုင်ဘက်ကုမ္ပဏီနှစ်ခု ပူးပေါင်းလုပ်ကိုင်နေပါတယ်။

ကျွမ်းကျင်မှုတွေကို ပေါင်းစပ်ပြီး ဖန်တီးထုတ်လုပ်ဖို့ ကြာချိန်ကို တိုတောင်းစေဖို့အတွက် Kao Corporation ဟာ Earth Corporation နဲ့ ပူးပေါင်းခဲ့ပါတယ်။

ခြင်တွေ မပျံသန်းနိုင်အောင် လုပ်ဖို့အတွက် သူတို့ရဲ့ အတောင်ပံတွေနဲ့ ခန္ဓာကိုယ်ကို စိုရွှဲသွားစေမယ့် ရေအမှုန်အမွှားလေးတွေကို အဲဒီဆေးမှာ သုံးထားတယ်လို့ အဲဒီကုမ္ပဏီတွေက ပြောပါတယ်။

ခြင်ခန္ဓာကိုယ်ရဲ့ ရေခုခံနိုင်စွမ်းကို လျှော့ချပေးတဲ့ မျက်နှာပြင်တင်းအားနည်းတဲ့ အရည်တစ်မျိုးက အဲဒီလို လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။

အဲဒီဆေးမှာ ဓာတုပိုးသတ်ဆေး လုံးဝ မပါဝင်ဘူးလို့ ကုမ္ပဏီတွေက ပြောပါတယ်။ ဇူလိုင်လက စပြီး ထိုင်းနိုင်ငံမှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။

အဲဒီပူးပေါင်းလုပ်ကိုင်မှုအစီအစဉ်ဟာ Kao ရဲ့ နည်းပညာနဲ့ Earth ရဲ့ အရှေ့တောင်အာရှဈေးကွက်နဲ့ ပတ်သက်ပြီး သိကျွမ်းထားတာတွေကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ခြင်တွေကြောင့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားပြီး ကျန်းမာရေးအန္တရာယ် တိုးများလာနေတဲ့အတွက် ပြိုင်ဆိုင်မှုကို ဘေးဖယ်ထားတယ်လို့ အဲဒီကုမ္ပဏီတွေက ပြောပါတယ်။

ထိုင်းမှာ ရှိတဲ့ Kao Industrial ရဲ့ ဥက္ကဋ္ဌ Shimizu Yuji က "သွေးလွန်တုပ်ကွေးရောဂါကို အမြန်ဆုံး အမြစ်ဖြတ် ချေမှုန်းရေး ပံ့ပိုးကူညီဖို့အတွက် ဒီပူးပေါင်းလုပ်ကိုင်မှုအစီအစဉ်မှာ အရေးတကြီး ဆောင်ရွက်ရမယ်ဆိုတာကို ကျွန်တော်တို့ သိနေခဲ့ပါတယ်" လို့ ပြောပါတယ်။