Nintendo က ၂၀၂၅ ခုနှစ် မတ်လမကုန်ခင် 'Switch 2' ဂိမ်းစက်ကို ကြေညာမယ်

ဂျပန်ဂိမ်းကုမ္ပဏီကြီး Nintendo က သူ့ရဲ့ နာမည်ကြီး Switch ဂိမ်းစက်ရဲ့ ဒုတိယအမျိုးအစားကို လာမယ့် မတ်လမကုန်ခင် ကြေညာမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီကုမ္ပဏီက သူ့အနေနဲ့ software နဲ့ hardware နှစ်မျိုးစလုံး ထုတ်လုပ်ခြင်းအားဖြင့် ဗီဒီယိုဂိမ်းစက်လုပ်ငန်းမှာ ဆက်လက် လုပ်ကိုင်နေဖို့ အသင့်တော်ဆုံး ဖြစ်တယ်လို့ ပြောပါတယ်။

Nintendo ဟာ ၂၀၁၇ ခုနှစ်မှာ Switch ဂိမ်းစက် စတင်ရောင်းချပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်းမှာ အဲဒီလို ဂိမ်းစက်ပေါင်း သန်း ၁၄၀ ကျော် ရောင်းချပြီး ဖြစ်ပါတယ်။

ဒီအတောအတွင်း မတ်လမှာ ကုန်ဆုံးခဲ့တဲ့ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွက် ကုမ္ပဏီအုပ်စုရဲ့ အသားတင်အမြတ်ငွေဟာ စံချိန်တင် ယန်း ၄၉၀ ဘီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံ ရှိတယ်လို့ Nintendo က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဂိမ်းစက်တွေ ရောင်းအားကောင်းခဲ့ပြီး Mario Brothers ဆိုတဲ့ နာမည်ကျော်ဇာတ်ကောင်တွေ ပါဝင်တဲ့ ရုပ်ရှင်ဟာလည်း အောင်မြင်ကျော်ကြားခဲ့ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ ယန်းငွေတန်ဖိုးအားနည်းမှုဟာလည်း အမြတ်ငွေတိုးများလာတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

Nintendo ဟာ ဆောင်းဦးရာသီရောက်ရင် ကျိုတိုခရိုင်မှာ ပြတိုက်အသစ်ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့လည်း ကြေညာခဲ့ပါတယ်။