မေလနှောင်းမှာ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ ပြင်ဆင်နေ

ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားတို့ဟာ အခုလအနှောင်းပိုင်းမှာ သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ ဒီတွေ့ဆုံမှုဟာ ၄ နှစ်ခွဲတာ ကာလအတွင်း ပထမဆုံး တွေ့ဆုံမှုဖြစ်လာမှာပါ။

ပြီးခဲ့တဲ့နိုဝင်ဘာလက တောင်ကိုးရီးယားမှာ ကျင်းပတဲ့ ၃ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတစ်ခုမှာ ၃ နိုင်ငံထိပ်သီးအစည်းအဝေးကို တတ်နိုင်သမျှ အမြန်ဆုံးကျင်းပဖို့ သဘောတူညီခဲ့ကြပြီးနောက်ပိုင်း ပြင်ဆင်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Kishida Fumio၊ တရုတ်ဝန်ကြီးချုပ် Li Qiang နဲ့တောင်ကိုရီးယားသမ္မတ Yoon Suk-yeol တို့ ဆိုးလ်မြို့မှာ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အစိုးရသတင်းရင်းမြစ်တွေက ပြောပါတယ်။ မစ္စတာ Kishida ဟာ မေလ ၂၆ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ တောင်ကိုရီးယားကို သွားရောက်ဖွယ်ရှိပါတယ်။

အာရှမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မြှင့်တင်ဖို့ကြိုးပမ်းတဲ့အနေနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ပြည်သူအချင်းချင်း ဖလှယ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရရှိဖို့ ဂျပန်က လိုလားနေပါတယ်။

ဆွေးနွေးမယ့်အကြောင်းအရာတွေထဲမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေနဲ့ ပတ်သက်ပြီးလည်း ပါဝင်လိမ့်မယ်လို့ ယူဆရပါတယ်။ ခေါင်းဆောင် ၃ ဦးတို့ဟာ မြောက်ကိုရီးယားရဲ့ အဓမ္မဖမ်းဆီးခေါ်ဆောင်မှုကိစ္စနဲ့ပတ်သက်ပြီးလည်း အမြင်ချင်းဖလှယ်ကြဖွယ်ရှိပါတယ်။

မစ္စတာ Kishida ဟာ ဆွေးနွေးပွဲရဲ့ဘေးစည်းအနေနဲ့ မစ္စတာ Li ၊ မစ္စတာ Yoon တို့နဲ့ သီးခြားစီတွေ့ဆုံဖို့ စီစဉ်မှုတွေ ပြုလုပ်နေပါတယ်။

အရင် ၃ နိုင်ငံထိပ်သီးဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံအနောက်တောင်ပိုင်းက Chengdu မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း Abe Shinzo က ဂျပန်ကို ကိုယ်စားပြု တက်ရောက်ခဲ့ပါတယ်။