BOJ ဥက္ကဋ္ဌနဲ့ ဂျပန်ဝန်ကြီးချုပ်တို့ ယန်းငွေအားပျော့လာတဲ့အပေါ် ဆွေးနွေးခဲ့

ဂျပန်ဗဟိုဘဏ်ဥက္ကဋ္ဌ Ueda Kazuo နဲ့ ဂျပန်ဝန်ကြီးချုပ် Kishida Fumio တို့ဟာ နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်ဒေါ်လာနဲ့လဲလှယ်ရာမှာ ယန်းငွေတန်ဖိုး စံချိန်တင်အဆင့်အထိ ဆက်ကျနေတဲ့အတောအတွင်း ဒီဆွေးနွေးပွဲ ထွက်ပေါ်လာတာပါ။

သူတို့၂ ဦးဟာ တိုကျိုမြို့မှာရှိတဲ့ ဝန်ကြီးချုပ်ရုံးမှာ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

သူနဲ့ မစ္စတာ Kishida တို့ဟာ ကျဆင်းလာနေတဲ့ ငွေလဲနှုန်းအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ ဆွေးနွေးပွဲအပြီးမှာ မစ္စတာ Ueda က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ယေဘုယျအားဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း‌ဟာ စီးပွားရေးနဲ့ကုန်ဈေးနှုန်းတွေအပေါ် ကြီးမားတဲ့သက်ရောက်မှုရှိနိုင်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

မူဝါဒကို စီမံခန့်ခွဲရာမှာ ဂျပန်ဗဟိုဘဏ်က လတ်တလောယန်းငွေတန်ဖိုးကျဆင်းမှုကို အနီးကပ်စောင့်ကြည့်မှာဖြစ်တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

ဧပြီလ ၂၉ ရက်နေ့က အမေရိကန်တစ်ဒေါ်လာကို ဂျပန်ယန်း ၁၆၀ အဆင့်အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ ၃၄ နှစ်တာကာလအတွင်း ပထမဆုံး အကြိမ်ဖြစ်ပြီး အဲဒီအဆင့်မှာ ရောင်းဝယ်နေခဲ့ကြပါတယ်။

အဲဒီနောက် အမေရိကန်တစ်ဒေါ်လာကို ၁၅၄ ယန်းအဆင့်အထိ သိသိသာသာ ပြန်တက်သွားခဲ့ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့က ယန်းငွေတန်ဖိုး ထပ်တက်လာခဲ့ပါတယ်။ ဒီလို အတက်အကျတွေဖြစ်ပေါ်ခဲ့တာကြောင့် ဂျပန်အာဏာပိုင်တွေက အကြိမ်ကြိမ် ဝင်ရောက်စွက်ဖက်ခဲ့တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။