DisneySea မှာ တိုးချဲ့ဖွင့်လှစ်မယ့် ဧရိယာအသစ်ကို ပြသ

Tokyo DisneySea အပန်းဖြေကစားကွင်းဟာ "Frozen" လို နာမည်ကျော်ရုပ်ရှင်တွေကို ဂုဏ်ပြုတဲ့ ဧရိယာအသစ်ကို ဇွန်လမှာ တိုးချဲ့ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ အဲဒီဧရိယာကို "Fantasy Springs" လို့ ခေါ်ပြီး အင်္ဂါနေ့မှာ မီဒီယာတွေကို ပြသခဲ့ပါတယ်။

အဲဒီကစားကွင်းကို စီမံခန့်ခွဲတဲ့ Oriental Land က အဲဒီဧရိယာဟာ စတုရန်းမီတာ ၁၄၀,၀၀၀ ကျယ်တယ်လို့ ပြောပါတယ်။ ဒါဟာ DisneySea ကို ၂၀၀၁ ခုနှစ်မှာ ဖွင့်လှစ်ပြီးနောက်ပိုင်း တိုးချဲ့ဖွင့်လှစ်ခဲ့တဲ့ အကြီးမားဆုံး ဧရိယာဖြစ်ပြီး အဲဒီလို တိုးချဲ့ဖို့အတွက် ယန်း ၃၂၀ ဘီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံလောက် ကုန်ကျခဲ့ပါတယ်။

အဲဒီဧရိယာမှာ Disney ရုပ်ရှင်တွေ ဖြစ်တဲ့ "Tangled" နဲ့ "Peter Pan" အပေါ် အခြေခံပြီး ဖန်တီးထားတဲ့ နေရာတွေ ရှိပြီး ရဲတိုက်တစ်ခု၊ ရေခဲနန်းတော်တစ်ခုနဲ့ ပင်လယ်ဓားပြသင်္ဘောတစ်စင်းတို့ ပါဝင်ပါတယ်။

၂၀၂၃ ဘဏ္ဍာရေးနှစ်ရဲ့ ရောင်းအားဟာ စံချိန်တင် ယန်း ၆၁၈ ဘီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၄ ဘီလီယံလောက် ရှိခဲ့တယ်လို့ Oriental Land က ပြောပါတယ်။ ဒါဟာ အဓိကအားဖြင့် လက်မှတ်ဈေးနှုန်းမြင့်တက်မှုနဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ တိုးများလာတာကြောင့် ဖြစ်ပါတယ်။

Fantasy Springs ဆိုတဲ့ ဧရိယာအသစ်ဟာ အခုဘဏ္ဍာရေးနှစ်အတွက် ရောင်းအားတွေကို နောက်ထပ် ၁၀ ရာခိုင်နှုန်း တိုးလာအောင် အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ကြောင်း အဲဒီကုမ္ပဏီက ပြောပါတယ်။