ဘေးကင်းစိတ်ချရမှုအရှုပ်တော်ပုံနောက်ပိုင်း Daihatsu က ဂျပန်ရှိ စက်ရုံအားလုံးကို ပြန်လည်ပတ်

Toyota Motor ရဲ့ အသေးစားကားထုတ်လုပ်ကုမ္ပဏီ Daihatsu Motor ဟာ သူရဲ့ ပင်မဌာနချုပ်မှာရှိတဲ့ စက်ရုံတစ်ရုံကို ပြန်လည်ပတ်နေပြီဖြစ်ပါတယ်။ ဘေးကင်းစိတ်ချရမှုစစ်ဆေးရေးအရှုပ်တော်ပုံကြောင့် လုပ်ငန်းလည်ပတ်မှုကို လေးလခွဲကြာ ဆိုင်းငံ့ထားခဲ့ရပါတယ်။ Daihatsu ရဲ့ ပြည်တွင်းထုတ်လုပ်မှုနေရာ လေးခုစလုံးဟာ အခုအခါ ပြန်လည်ပတ်နေပြီဖြစ်ပါတယ်။

Daihatsu ဟာ အင်္ဂါနေ့က အိုစာကာခရိုင်မှာရှိတဲ့စက်ရုံမှာ မော်တော်ကားမော်ဒယ်နှစ်မျိုးကို ပြန်လည်ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီစက်ရုံမှာ အလုပ်သမား ၂၀၀ လောက် အလုပ်လုပ်နေပါတယ်။

Daihatsu ဟာ အစိုးရရဲ့အတည်ပြုချက်ရရှိဖို့ ဘေးကင်းစိတ်ချမှုစစ်ဆေးရေးမှာ မမှန်မကန်ပြုလုပ်ခဲ့တာကို ဝန်ခံပြီးတဲ့နောက် ဒီဇင်ဘာလနှောင်းပိုင်းမှာ ဂျပန်ရှိ သူ့ရဲ့စက်ရုံအားလုံးကို ပိတ်ပစ်ခဲ့ပါတယ်။

သတ်မှတ်ထားတဲ့မော်ဒယ်တွေဟာ အစိုးရစံနှုန်းတွေနဲ့ကိုက်ညီတယ်ဆိုတာ ကြီးကြပ်စစ်ဆေးသူတွေက အတည်ပြုခဲ့တဲ့အတွက် အဲဒီမော်တော်ကားကုမ္ပဏီဟာ ထုတ်လုပ်မှုတွေကို အဆင့်လိုက် ပြန်လည်စတင်ခဲ့ပါတယ်။

Daihatsu ဟာ ကျိုတိုနဲ့ Shiga ခရိုင်တွေမှာရှိတဲ့ စက်ရုံတွေနဲ့ Oita ခရိုင်ရှိ စက်ရုံခွဲတွေမှာ မော်တော်ကားတွေပြန်လည်ထုတ်လုပ်နေခဲ့ပြီဖြစ်ပါတယ်။

အခုဆိုရင် ဒီကုမ္ပဏီဟာ ဂျပန်ဈေးကွက်အတွက် မော်တော်ကားမော်ဒယ်အားလုံးနီးပါးရဲ့ အမှာစာအသစ်တွေကိုလည်း ပြန်လည်လက်ခံနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ ရပ်ဆိုင်းခဲ့ရတဲ့ကာလမတိုင်ခင်မှာရှိခဲ့တဲ့ ဝယ်လိုအားအဆင့်ဆီကိုတော့ ပြန်မရောက်သေးဘူးလို့ Daihatsu က ပြောပါတယ်။