ဂါဇာတောင်ပိုင်းရှိ Rafah မှာ အစ္စရေးက စစ်ဆင်ရေးစတင်

ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ Rafah အရှေ့ပိုင်းက သတ်မှတ်ထားတဲ့ဧရိယာမှာ မြေပြင်ထိုးစစ်ကို စတင်လိုက်ပြီလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

တစ်ဘက်မှာလည်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိဖို့ကြိုးပမ်းတဲ့အနေနဲ့ အီဂျစ်နိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့စေလွှတ်မယ်လို့ အစ္စရေးကပြောပါတယ်။

ဟားမတ်စ်အဖွဲ့ဟာ တနင်္လာနေ့မှာ ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ကာတာနဲ့ အီဂျစ်တို့က ကြားဝင်စေ့စပ်သူတွေရဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆိုပြုချက်ကို လက်ခံတယ်လို့ အသိပေးခဲ့တဲ့အကြောင်း ကြေငြာချက်ထဲမှာ ဆိုထားပါတယ်။

အစ္စရေးက လက်ခံနိုင်တဲ့အချက်တွေပါတဲ့ သဘောတူညီချက်တစ်ရပ်ရရှိရေး ဖြစ်နိုင်ခြေကိုအများဆုံးရှိဖို့ ကြိုးပမ်းတဲ့အနေနဲ့ အီဂျစ်နိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်မယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

ဒါပေမဲ့ စစ်ကာလအစိုးရဟာ Rafah မှာ စစ်ဆင်ရေးတွေဆက်လုပ်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ကာတာအခြေစိုက် ဂြိုဟ်တုသတင်းကွန်ရက် Al Jazeera က ဟားမတ်စ်တို့ လက်ခံထားတဲ့အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်မှာ အဆင့်သုံးဆင့် ပါဝင်ပြီး တစ်ဆင့်စီဟာ ၄၂ ရက် ကြာမြင့်မယ်လို့ ဆိုပါတယ်။

ပထမအဆင့်မှာ အစ္စရေးက ချုပ်နှောင်ထားတဲ့အကျဉ်းသားတွေအတွက် လဲလှယ်တဲ့အနေနဲ့ ဟားမတ်စ်ဟာ အမျိုးသမီးတွေ ကလေးတွေအပါအဝင် ဓားစာခံ ၃၃ ဦးကို လွှတ်ပေးမှာဖြစ်ပါတယ်။

ဒုတိယအဆင့်အနေနဲ့ ဂါဇာကနေ အစ္စရေးတွေ အပြည့်အဝ ဆုတ်ခွာပေးဖို့နဲ့ ဟားမတ်စ်တွေက ဖမ်းဆီးထားတဲ့ စစ်သားတွေအပါအဝင် ကျန်ရှိနေတဲ့ အစ္စရေးအမျိုးသားအားလုံးကို လွှတ်ပေးရေး တိုက်တွန်းထားပါတယ်။

တတိယအဆင့်မှာ ကုလသမဂ္ဂနှင့် ကြားဝင်ဖျန်ဖြေနိုင်ငံတွေပါဝင်တဲ့ ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးအစီအစဉ် ပါဝင်ပါတယ်။