အစ္စရေးနဲ့ ဟားမတ်စ်အနေနဲ့ သဘောတူညီချက် ရဖို့ အခွင့်အရေးကို လက်လွတ်မခံကြဖို့ ကုလသမဂ္ဂအကြီးအကဲ တိုက်တွန်း

အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့အနေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံလွတ်မြောက်ရေးအတွက် သဘောတူညီချက် ရရှိဖို့ အခွင့်အရေးကို လက်လွတ်မခံကြဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က ပြင်းပြင်းထန်ထန် တိုက်တွန်းလိုက်ပါတယ်။

တနင်္လာနေ့က သတင်းထောက်တွေနဲ့ ပြောဆိုရာမှာ မစ္စတာ Guterres က လုံးဝအရေးကြီးတဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ရေး ခရီးရောက်ဖို့အတွက် အစ္စရေးအစိုးရနဲ့ ဟားမတ်စ်ခေါင်းဆောင်တွေကို အဲဒီနေ့အစောပိုင်းမှာ ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါကို "လက်လွတ်မခံသင့်တဲ့ အခွင့်အရေး" လို့ သူက ခေါ်ဆိုခဲ့ပါတယ်။

ဂါဇာတောင်ပိုင်း Rafah မြို့က မြေပြင်ကျူးကျော်စစ်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးဆက်တွေနဲ့ ဒေသတွင်း မတည်မငြိမ်ဖြစ်စေတဲ့ ဂယက်ရိုက်မှုတွေ ရှိစေနိုင်တဲ့အတွက် အဲဒီလုပ်ရပ်ဟာ လက်သင့်ခံဖွယ် မရှိဘူးလို့ မစ္စတာ Guterres က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

Rafah ရဲ့ နေရာတချို့က ဒေသခံတွေအနေနဲ့ တိမ်းရှောင်ရွှေ့ပြောင်းကြဖို့ အစ္စရေးက တိုက်တွန်းခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က တနင်္လာနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာပြည်သူတွေဟာ "ဗုံးတွေ၊ ရောဂါဘယတွေနဲ့ အငတ်ဘေးရဲ့ ဒဏ်ကို ဆက်လက်ခံစားနေရတယ်" လို့ မစ္စတာ Turk က မှတ်ချက်ပြုခဲ့ပါတယ်။

သူက လက်ရှိအခြေအနေဟာ "လူမဆန်ဘူး" ဆိုတာနဲ့ "အရပ်သားတွေကို ဦးစားပေးပြီး ထိထိရောက်ရောက် ကာကွယ်ပေးတဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေရဲ့ အခြေခံမူတွေကို ဆန့်ကျင်နေတယ်" လို့ ပြောကြားခဲ့ပါတယ်။