ဘရာဇီးမှာ မိုးသည်းထန်မှုကြောင့် သေဆုံးသူ ၈၃ ဦးအထိ မြင့်တက်လာပြီး ၁၀၀ ကျော် ပျောက်ဆုံးနေဆဲ

အဆက်မပြတ်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူဦးရေမှာ ၈၃ ဦးအထိ မြင့်တက်လာပြီး ၁၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ ဘရာဇီးနိုင်ငံတောင်ပိုင်းရှိ အာဏာပိုင်တွေက ပြောပါတယ်။

ဧပြီလနှောင်းပိုင်းကစပြီး တောင်ပိုင်းပြည်နယ်ဖြစ်တဲ့ Rio Grande do Sul ရဲ့ တချို့နေရာတွေမှာ စံချိန်တင်မိုးရေချိန် ၅၀၀ မီလီမီတာကျော် ရွာသွန်းခဲ့ပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံတာ၊ မြေပြိုတာတွေနဲ့ ဆည်တစ်ခု တစ်စိတ်တစ်ပိုင်းပြိုကျတာတွေအပါအဝင် အဲဒီပြည်နယ်တစ်ဝှမ်းမှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လူ ၈၃ ဦး သေဆုံးပြီး ၁၁၁ ဦး ပျောက်ဆုံးနေဆဲလို့ ဒေသန္တရအရာရှိတွေက တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။

အဲဒီသဘာဝဘေးကြောင့် လူပေါင်း ၁၂၀,၀၀၀ ကျော်ဟာ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရပြီး လူပေါင်း ၈၇၀,၀၀၀ ကျော်ဟာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ ရေပေးဝေမှုတွေပြတ်တောက်တာနဲ့ တခြားအဆင်မပြေမှုတွေ ကြုံနေရပါတယ်။

ဘရာဇီးသမ္မတ Luiz Inacio Lula da Silva ဟာ ထိခိုက်ခဲ့ရတဲ့ဧရိယာတွေကို တနင်္ဂနွေနေ့က လေယာဉ်ပေါ်လိုက်ပါပြီး ကြည့်ရှုခဲ့ပါတယ်။

တိမ်းရှောင်ခဲ့ရတဲ့ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့အမိုးအကာ ထောက်ပံ့ပေးနိုင်ရေး လုပ်နိုင်တာအားလုံးကို လုပ်မယ်လို့ သူက ကတိပြုပြောဆိုခဲ့ပါတယ်။

သောကြာနေ့ဝန်းကျင်လောက်မှာလည်း တောင်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေ ပြန်စနိုင်တယ်လို့ ဘရာဇီးမိုးလေဝသအာဏာပိုင်တွေက သတိပေးထားပါတယ်။