တရုတ်သမ္မတနဲ့ ပြင်သစ်သမ္မတတို့ တွေ့ဆုံ၊ 'စစ်အေးတိုက်ပွဲသစ်' ကို ရှောင်ရှားဖို့တောင်းဆို

"စစ်အေးတိုက်ပွဲသစ်" မဖြစ်ပွားဖို့ တရုတ်နဲ့ ပြင်သစ်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ တရုတ်သမ္မတ Xi Jinping က ပြင်သစ်သမ္မတ Emmanuel Macron ကို ပြောဆိုလိုက်ပါတယ်။

သမ္မတ Xi ဟာ တနင်္လာနေ့က ပါရီမှာ သမ္မတ Macron နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ ငါးနှစ်တာကာလအတွင်း မစ္စတာ Xi ရဲ့ ဥရောပသို့ ပထမဆုံးခရီးစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တရုတ်နဲ့ ပြင်သစ်တို့အကြား သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့် နှစ်ပတ်လည်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

အခုခရီးစဉ်ဟာ အမေရိကန်နဲ့ ထိပ်တိုက်တွေ့နေချိန်မှာ ပြင်သစ်နဲ့ဆက်ဆံရေး ခိုင်မာစေဖို့ တရုတ်အစိုးရရဲ့ ကြိုးပမ်းမှုတစ်ခု ဖြစ်ပုံရပါတယ်။

ကမ္ဘာနဲ့အဝန်းတည်ငြိမ်ရေးသေချာစေဖို့ သူတို့နိုင်ငံတွေဟာ အသုံးတည့်တဲ့အခန်းကဏ္ဍကနေ ပါဝင်နိုင်မှာဖြစ်တယ်လို့ ဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မစ္စတာ Macron က ပြောကြားခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦးတို့ဟာ ယူကရိန်းကို ရုရှားကကျူးကျော်မှုနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ရုရှားထံ ဘယ်လက်နက်မှ မရောင်းချဖို့ တရုတ်ရဲ့ကြိုးပမ်းမှုကို ပြင်သစ်အနေနဲ့ ကြိုဆိုသလို၊ စစ်ဘက်ဆိုင်ရာကိစ္စရပ်တွေအတွက် အသုံးပြုနိုင်တဲ့ ကုန်ပစ္စည်းတွေအပေါ် တင်းကျပ်တဲ့ ပို့ကုန်ထိန်းချုပ်မှုချမှတ်ဖို့ ကတိကဝတ်ပြုမှုကိုလည်း ကြိုဆိုတယ်လို့ သမ္မတ Macron ပြောကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမှာ ငြိမ်းချမ်းရေးဖြစ်ထွန်းလာရေး ကြိုးပမ်းမှုမှာ တရုတ်ဟာ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေတယ်လို့ သမ္မတ Xi က ပြောကြားခဲ့ပါတယ်။

လာမယ့် ပါရီ နွေရာသီအိုလံပစ်ကာလအတွင်း ကမ္ဘာကြီးမှာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုဖို့လည်း ခေါင်းဆောင်နှစ်ဦး သဘောတူခဲ့ကြပါတယ်။ ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းမှာ တင်းမာနေတဲ့အခြေအနေတွေအကြား သူတို့ရဲ့ တောင်းဆိုမှု ထွက်ပေါ်လာတာပါ။