Beatles တေးဂီတအဖွဲ့ရဲ့ ဓာတ်ပြားကို ဂျပန်မှာ အမေရိကန်ဒေါ်လာ ၇,၈၀၀ နဲ့ လေလံတင်ရောင်းချ

ဂျပန်က လေလံပွဲမှာ Beatles တေးဂီတအဖွဲ့ရဲ့ "Beatles '65" သီချင်းခွေရဲ့ ဓာတ်ပြားကို ယန်း ၁.၂ သန်း တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၇,၈၀၀ လောက်နဲ့ ရောင်းချခဲ့ပါတယ်။

တနင်္လာနေ့က Nagoya မြို့က သီချင်းခွေဆိုင်မှာ လေလံတင်ရောင်းချခဲ့တဲ့ အဲဒီဓာတ်ပြားမှာ ရစ်ပတ်ထားတဲ့ စာရွက်ဟာ အညိုရောင်ဖြစ်ပြီး ဒါဟာ အလွန်အမင်း ရှားပါးတယ်လို့ ဝါသနာအရ စုဆောင်းသူတွေက ပြောပါတယ်။

အနောက်တိုင်းအနုပညာရှင်တွေရဲ့ သီချင်းခွေတွေကို ဂျပန်မှာ ရောင်းချတဲ့အခါ ခေါင်းစဉ်နဲ့ တခြားအချက်အလက်တွေကို ဘာသာပြန်ဖော်ပြထားတဲ့ စာရွက်တစ်ရွက်ကို သီချင်းခွေရဲ့ အဖုံးမှာ ရစ်ပတ်ထားတတ်ပါတယ်။

ဗြိတိန်တေးဂီတအဖွဲ့ Beatles နဲ့ ဆိုင်တဲ့ပစ္စည်းတွေကို အကဲဖြတ်သုံးသပ်ပြီး အဲဒီအဖွဲ့နဲ့ ပတ်သက်ပြီး လေ့လာကျွမ်းကျင်သူ Honda Yasuhiro က အဲဒီလို ဓာတ်ပြားဟာ ရှားပါးကြောင်း လေလံပွဲမတိုင်မီ အလေးပေးပြောဆိုခဲ့ပါတယ်။ သူ့အနေနဲ့ အညိုရောင်စာရွက်နဲ့ ရစ်ပတ်ထားတဲ့ "Beatles '65" ခွေကို တကယ်မြင်တွေ့ဖူးတာ ၃၅ နှစ်အတွင်းမှာ စတုတ္ထအကြိမ်ဖြစ်တယ်လို့ ပြောပါတယ်။

ဂျပန်က စုဆောင်းသူတချို့ဟာ အဲဒီလို စာရွက်တွေရဲ့ အရောင်ကို အခြေခံပြီး Beatles ရဲ့ ဓာတ်ပြားတွေကို တန်ဖိုးဖြတ်ကြပါတယ်။ "Beatles '65" ခွေကို ဂျပန်မှာ ၁၉၆၅ ခုနှစ်က စတင်ရောင်းချခဲ့ပါတယ်။

လေလံပွဲရဲ့ စရံငွေကို ဒေါ်လာ ၅,၂၀၀ ဝန်းကျင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အနိုင်ရသူရဲ့ ဈေးကို အွန်လိုင်းမှာ တင်ထားပြီး အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ၇,၈၀၀ လောက်နဲ့ ညီမျှပါတယ်။