မြောက်ကိုရီးယားမှာ ဒေသန္တရ ရဲတပ်ဖွဲ့ အကြီးအကဲတွေရဲ့ ၁၂ နှစ်အတွင်း ပထမဦးဆုံး အစည်းအဝေး ကျင်းပ

မြောက်ကိုရီးယားက ဒေသန္တရ ရဲတပ်ဖွဲ့အကြီးအကဲတွေရဲ့ ၁၂ နှစ်အတွင်း ပထမဦးဆုံး အစည်းအဝေးကို ကျင်းပခဲ့ပြီး ဒါဟာ ပြည်သူတွေကို ထိန်းချုပ်မှု ပိုပြီးတင်းကျပ်ဖို့ ကြိုးပမ်းမှုတစ်ရပ်ဖြစ်တယ်လို့ ယူဆရပါတယ်။

နိုင်ငံပိုင်မီဒီယာက ပြုံယမ်းမြို့မှာ ကျင်းပခဲ့တဲ့ ပြည်သူ့လုံခြုံရေးဌာနခွဲ အကြီးအကဲတွေရဲ့ ပြည်လုံးကျွတ်ညီလာခံသတင်းကို ဖော်ပြခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာ နိုင်ငံ့ခေါင်းဆောင် Kim Jong Un က တက်ရောက်လာသူတွေနဲ့ ဓာတ်ပုံအတူရိုက်ကူးခဲ့ပါတယ်။

မစ္စတာ Kim က “ပြည်သူ့လုံခြုံရေးဌာနခွဲ ခေါင်းဆောင်တွေ၊ ပြည်သူနဲ့ အနီးကပ်ဆုံးနေထိုင်နေကြတဲ့ လုံခြုံရေးအရာရှိတွေဟာ ဆိုရှယ်လစ် နိုင်ငံတော်ကို ထိပါးလာမယ့် အရာအားလုံးကနေ ခိုင်ခိုင်မာမာ ကာကွယ်ပေးတဲ့ ထက်မြတဲ့ ဓားသွားတွေဖြစ်သင့်တယ်” လို့ ပြောကြားခဲ့တာကို အဲဒီမီဒီယာက ကိုးကားဖော်ပြခဲ့ပါတယ်။

ပြည်သူ့လုံခြုံရေးဌာနခွဲတွေဟာ ဥပဒေကိုထိန်းသိမ်းပြီး နေထိုင်သူတွေကို စောင့်ကြည့်ဖို့ တာဝန်ယူထားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းဟာ နိုင်ငံခြားယဉ်ကျေးမှု စီးဝင်လာမှာကို စိုးရိမ်နေပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ ၂၀၂၀ ပြည့်နှစ်ကတည်းက ကိုရိုနာဗိုင်းရပ်စ် တားဆီးရေးအတွက် နယ်စပ်ထိန်းချုပ်မှုတွေနဲ့အတူ အတွေးအခေါ်တွေနဲ့ ဘာသာစကားဆိုင်ရာ ထိန်းချုပ်မှုကိုလည်း တိုးမြှင့်လုပ်ဆောင်ဖို့ ဦးတည်တဲ့ ဥပဒေတွေကို ကျင့်သုံးလာခဲ့ပါတယ်။

တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီက အဲဒီညီလာခံဟာ မြောက်ကိုရီးယား လူမှုအသိုက်အဝန်းမှာ စည်းကမ်းလိုက်နာမှုချုပ်ကိုင်ရေးကို တင်းကျပ်ဖို့ ကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။