ဂျပန်က ရထားဘူတာရုံနဲ့ လေဆိပ်တွေမှာ အားလပ်ရက်အလည်ခရီးက ပြန်လာသူတွေနဲ့ ပြည့်နှက်နေ

နွေဦးရာသီအားလပ်ရက် နောက်ဆုံးနေ့ဖြစ်တဲ့ တနင်္လာနေ့က ဂျပန်တစ်လွှား ဘူတာရုံနဲ့ လေဆိပ်တွေမှာ အားလပ်ရက်ခရီးစဉ်တွေက ပြန်လာသူတွေနဲ့ ပြည့်နှက်နေပါတယ်။

တိုကျိုကို ဦးတည်တဲ့ ရှင်ကန်စဲန်း ကျည်ဆန်ရထားတွေမှာ လူပြည့်ကျပ်မှုဟာ ဒီအားလပ်ရက်ကာလအတွင်း အမြင့်ဆုံးအနေအထားကိုရောက်မယ်လို့ မျှော်လင့်ရကြောင်း Central Japan Railway ကုမ္ပဏီက ပြောပါတယ်။

အဲဒီကုမ္ပဏီ အရာရှိတွေက Tokaido နဲ့ Sanyo လိုင်းတွေက Nozomi ကျည်ဆန်ရထားတွေ လုံးဝနီးပါး လူပြည့်နေတယ်လို့ ပြောပါတယ်။ အားလပ်ရက်ကာလအတွင်းမှာ ရထားထိုင်ခုံအားလုံးအတွက် ကြိုတင်ဝယ်ယူဖို့ လိုအပ်ပါတယ်။

Shin-Osaka ဘူတာရဲ့ ပလက်ဖောင်းမှာ အိတ်ကြီးတွေနဲ့ မိသားစုအများအပြားနဲ့ သူတို့ကို လိုက်လံပို့ဆောင်သူတွေကို တွေ့မြင်ရပါတယ်။

တိုကျိုအနီးက Narita လေဆိပ် နိုင်ငံတကာခရီးစဉ် ဆိုက်ရောက်ခန်းမမှာ တနင်္လာနေ့ မနက်ပိုင်းက အိတ်တွေ၊ အမှတ်တရပစ္စည်းတွေ သယ်လာတဲ့ မိသားစုတွေ၊ လူတွေနဲ့ ပြည့်နှက်နေပါတယ်။

အဲဒီနေ့က အဲဒီလေဆိပ်ကို နိုင်ငံခြားကနေ ဆိုက်ရောက်သူ ၄၆,၈၀၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

လေဆိပ်စီမံခန့်ခွဲသူတွေက မေလ ၆ ရက်နေ့ကနေ ၁၁ ရက်တာ ကာလအတွင်း ဒီလေဆိပ်ကနေ ဂျပန်ကို ဆိုက်ရောက်ထွက်ခွာသူ အရေအတွက်ဟာ ၈၃၅,၂၀၀ ဦး ရှိမယ်လို့ ခန့်မှန်းရကြောင်း ပြောပါတယ်။ ဒါဟာ လွန်ခဲ့တဲ့နှစ်ကထက် ၁.၃ ဆ ပိုများပါတယ်။

ဘန်ကောက်က ပြန်လာတဲ့ အမျိုးသား ၃ ဦးက ယန်းငွေအားပျော့နေတဲ့အကြား သူတို့ ဘန်ကောက်မှာ ဈေးသက်သက်သာသာနဲ့ စားသောက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ သူတို့က အင်္ဂါနေ့မှာ အလုပ်ပြန်တက်ရမှာဖြစ်ပြီး စိတ်ကို အပြောင်းအလဲ လုပ်နိုင်ပါ့မလား စိုးရိမ်နေတယ်လို့ ပြောပါတယ်။