ရာစုနဲ့ချီ ကြာမြင့်နေတဲ့ အာနီမဲ ကာတွန်းရုပ်ရှင်တစ်ကား ဂျပန်မှာ ပြန်လည်တွေ့ရှိ

ဂျပန်မှာ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုလောက်က ဖန်တီးခဲ့တဲ့ အာနီမဲ ကာတွန်းရုပ်ရှင်တစ်ကားကို မကြာသေးခင်က ပြန်လည်တွေ့ရှိခဲ့ပြီး ဒီလုပ်ငန်းနယ်ပယ်အတွက် အလင်းရောင်သစ်တစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။

အခုအချိန်မှာ အဲဒီခေတ်ရဲ့ ရုပ်ရှင်အနည်းငယ်ပဲ ကျန်တော့တာကြောင့် အခုလို အသစ်တွေ့ရှိမှုဟာ အဲဒီခေတ်ကာလတုန်းက အာနီမဲ ကာတွန်းရုပ်ရှင်ထုတ်လုပ်မှုအပေါ် နားလည်သဘောပေါက်ရေးအတွက် အကြီးအကျယ် အထောက်အထူဖြစ်စေမယ်လို့ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

အဲဒီရုပ်ရှင်ထဲမှာ ကလေးတစ်ဦးက ဓားနဲ့ ခရင်းတွေကို သုံးပြီး အစာစားနေတာကို ပြသထားပါတယ်။ ဒါအပြင် တခြား ကလေးငယ်တစ်ဦးက အိတ်ထဲက တစ်စုံတစ်ရာကို ထုတ်ပြီး စားနေတာလည်း တွေ့ရပါတယ်။

အဲဒီ အသံတိတ် ရုပ်ရှင်ကို ၁၉၂၃ ခုနှစ်လောက်က ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကို ကွယ်လွန်သွားတဲ့ ရုပ်ရှင်နှစ်သက်မြတ်နိုးသူတစ်ဦးရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ ရှာတွေ့ခဲ့တာပါ။

အဲဒီရုပ်ရှင်ကို သွားပွတ်တံတွေနဲ့ တခြား နေ့စဉ်သုံးပစ္စည်းတွေ ရောင်းချတဲ့ ကုမ္ပဏီတစ်ခုက ထုတ်လုပ်ခဲ့တာလို့ ဆိုပါတယ်။

အခုအချိန်မှာ Lion လို့ အမည်ရတဲ့ ကုမ္ပဏီက ဒီရုပ်ရှင်ကို ထိန်းသိမ်းထားပြီး အဲဒီလက်ရာမှာ Kitayama Seitaro ဆိုတဲ့ အမည် ပါရှိတယ်လို့ ဆိုပါတယ်။

မစ္စတာ Kitayama ဟာ ၂၀ ရာစု အစောပိုင်းတုန်းက ကာတွန်းရုပ်ရှင် ဖန်တီးသူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ကာတွန်းရုပ်ရှင်ထုတ်လုပ်ရေးနယ်ပယ်ရဲ့ ထိပ်တန်းပညာရှင်တွေတချို့ကို မွေးထုတ်ပေးခဲ့တဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ မစ္စတာ Kitayama ရဲ့ လက်ရာ ရုပ်ရှင် အနည်းငယ်ပဲ အခုအချိန်မှာ ကျန်ရှိပါတော့တယ်။

အာနီမဲ ကာတွန်းရုပ်ရှင် ကျွမ်းကျင်သူတစ်ဦးက ဒီဇာတ်လမ်းတိုလေးမှာ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်တယ်လို့ ပြောပါတယ်။

Doshisha တက္ကသိုလ်ရဲ့ တွဲဖက်ပါမောက္ခ Sano Akiko က “လူတွေဟာ ကြည့်နေတဲ့သူဘက်ကို တည့်တည့်လှည့်နေတဲ့ အတော်လေး အချိုးအစားကြီးမားတဲ့ မျက်နှာမျိုး စိတ်ဝင်စားကြပါတယ်။ ကြော်ငြာတစ်ခုဖြစ်တဲ့ ဒီရုပ်ရှင်မှာ ဒီရည်ရွယ်ချက်ကို ထည့်သွင်းထားပုံရပါတယ်” လို့ ပြောပါတယ်။

အာနီမဲ ကာတွန်းရုပ်ရှင်ကို အဲဒီအချိန်က စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အသိအမှတ်မပြုကြသေးပါဘူး။ အဲဒီအချိန်က ဖန်တီးသူတွေဟာ အခုခေတ် ဖန်တီးသူတွေလိုပဲ သူတို့ရဲ့လက်ရာတွေမှာ သရုပ်ဖော်ပုံတွေ တိုးတက်လာစေဖို့ နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့ကြတယ်လို့ အဲဒီကျွမ်းကျင်သူက ပြောပါတယ်။