အစ္စရေး-ဟားမတ်စ် ဆွေးနွေးပွဲ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေချိန် အမေရိကန် CIA အကြီးအကဲ ကာတာသို့သွားရောက်

ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ပွဲတွေ ခဏရပ်ပြီး ဓားစာခံတွေ ပြန်လွှတ်ပေးရေး အစ္စရေးနဲ့ ဟားမတ်စ်ဆွေးနွေးပွဲတွေ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေချိန်မှာ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲဟာ ကာတာနိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

CIA ညွှန်ကြားရေးမှူး William Burns ဟာ ကာတာဝန်ကြီးချုပ်နဲ့ အရေးပေါ်အစည်းအဝေး ပြုလုပ်ဖို့ ဒိုဟာမြို့သို့ သွားရောက်နေပြီလို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဟားမတ်စ် ကိုယ်စားလှယ်တွေဟာ အစ္စရေးနဲ့ သဘောတူညီမှုမရဘဲ အီဂျစ်ကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဟားမတ်စ်က အပြီးအပြတ် အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုခဲ့ပါတယ်။

မစ္စတာ Burns ရဲ့ ကာတာခရီးစဉ်ဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့ စေ့စပ်ညှိနှိုင်းမှုတွေဆက်လုပ်ရေး အမြင့်ဆုံးဖိအားပေးဖို့ ရည်ရွယ်ထားတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ကာတာနဲ့ အီဂျစ်တို့ဟာ ဆွေးနွေးပွဲတွေမှာ ကြားဝင်ညှိနှိုင်းမှုတွေ လုပ်နေခဲ့ပါတယ်။ ဟားမတ်စ်ရဲ့ နိုင်ငံရေးဆိုင်ရာ ထိပ်တန်းခေါင်းဆောင်ဟာ ကာတာမှာ အခြေစိုက်ပါတယ်။

တနင်္ဂနွေနေ့မှာပဲ အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာတောင်ပိုင်းရှိ Rafah ကို ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။ အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

NHK ၏ ဂါဇာကမ်းမြောင်ရုံးမှ ကင်မရာအဖွဲ့သားတစ်ဦးက ရိုက်ယူထားတဲ့ ဗီဒီယိုမှာ သေဆုံးတဲ့လူတွေ ဒါမှမဟုတ် ဒဏ်ရာရသူတွေကို ဆေးရုံသို့ တစ်ယောက်ပြီးတစ်ယောက် သယ်ဆောင်သွားတာတွေ ပါဝင်ပါတယ်။
###