မော်စကိုမှာကျင်းပမယ့် အောင်ပွဲခံနေ့ စစ်ရေးပြပွဲအတွက် အစမ်းလေ့ကျင့်

ကြာသပတေးနေ့မှာကျင်းပမယ့် အောင်ပွဲခံနေ့ စစ်ရေးပြအခမ်းအနားအတွက် အစမ်းလေ့ကျင့်မှုကို မော်စကိုမှာ ပြုလုပ်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို ဆိုဗီယက်ယူနီယံက အောင်ပွဲရတဲ့အထိမ်းအမှတ်အဖြစ် အောင်ပွဲခံနေ့ကို ကျင်းပတာဖြစ်ပါတယ်။ အဲဒါဟာ ရုရှားမှာ အရေးကြီးဆုံး အားလပ်ရက်တွေထဲက တစ်ခုဖြစ်ပါတယ်။

ဆိုဗီယက်ယူနီယံဟာ စစ်ပွဲအတွင်း စစ်သားနှင့် အရပ်သား ၂၆ သန်းကျော် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုကြပါတယ်။ ရုရှားသမ္မတ Vladimir Putin ရဲ့ အစိုးရအဖွဲ့ဟာ မျိုးချစ်စိတ်ဓာတ်မြှင့်တင်ဖို့နဲ့ ပြည်သူတွေ စည်းလုံးညီညွတ်စေဖို့အတွက် အောင်ပွဲခံနေ့မှာ စစ်ရေးပြအခမ်းအနားတွေကို နိုင်ငံတစ်ဝှမ်းမှာ ပြုလုပ်နေခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ တင်းကျပ်တဲ့ယာဉ်ကြောထိန်းချုပ်မှုတွေအကြား အထိမ်းအမှတ်အခမ်းအနားကျင်းပမယ့်နေရာဖြစ်တဲ့ မော်စကိုမြို့လယ်က ရင်ပြင်နီဆီ ဦးတည်သွားနေတဲ့ စစ်ဘက်ဆိုင်ရာယာဉ် အများအပြားကို မြင်တွေ့ခဲ့ရပါတယ်။

ကြာသပတေးနေ့ စစ်ရေးပြပွဲမှာ စစ်သား ၉၀၀၀ ကျော်နဲ့ လက်နက်နဲ့ ပစ္စည်း ၇၀ ကျော် ပါဝင်မယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါပေမဲ့ စစ်ပွဲအတွင်း တိုက်ပွဲဝင်ခဲ့ကြတဲ့သူတွေရဲ့ မိသားစုဝင်တွေက ဓာတ်ပုံတွေကိုင်ဆောင်ထားတဲ့ နိုင်ငံသားတွေရဲ့ စီတန်းလှည့်လည်မှုကို ဒုတိယနှစ်ဆက်တိုက် ဖျက်သိမ်းဖို့ အာဏာပိုင်တွေက ဆုံးဖြတ်ခဲ့ပါတယ်။ လုံခြုံရေးအရစိုးရိမ်မှုကို ထောက်ပြကြပါတယ်။

အခုနှစ် အောင်ပွဲခံနေ့ စစ်ရေးပြပွဲဟာ ရုရှားက ယူကရိန်းကို ကျူးကျော်မှုစတင်ပြီးနောက်ပိုင်း တတိယမြောက်ဖြစ်ပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအရှေ့ပိုင်းမှာ သူတို့ရဲ့ ထိုးစစ်တွေကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။

မော်စကိုရှိ လူတချို့က ရုရှားဟာ နောက်ဆုံးမှာ အနိုင်ရလိမ့်မယ်လို့ ကမ္ဘာပေါ်ရှိ တခြားနိုင်ငံတွေက နားလည်ကြတယ်လို့ ဆိုပါတယ်။ တခြားသူတွေက ရုရှားရဲ့အောင်ပွဲနဲ့ သူ့ရဲ့တပ်တွေ ဘေးကင်းစွာပြန်လာနိုင်ရေး မျှော်လင့်ကြပြီး စစ်သားတွေရဲ့ မိခင်တွေနဲ့ဇနီးတွေကို ထောက်ခံတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုကြပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံကြား တိုက်ပွဲတွေဟာ ဒုတိယကမ္ဘာစစ်နဲ့ မတူဘဲ ရုရှားနိုင်တာပဲဖြစ်ဖြစ်၊ ရှုံးတာပဲဖြစ်ဖြစ် ဂုဏ်ယူတဲ့စိတ်ဖြစ်မှာမဟုတ်ဘူးလို့ လူတချို့က ပြောပါတယ်။